

ဂျင်မီကာရေဂါက အာနယ် ဆလော့ လက်ထက်မှာ လီဗာပူးရဲ့ ပွဲချဉ်းကပ်ပုံက ပိုကောင်းလာပြီး ရိုလာကိုစတာ အခိုက်အတန့်တွေ နည်းပါးသွားမယ်လို့ ယုံကြည်နေပါတယ်။
လီဗာပူးအသင်းဟာ အစ်ဝစ်ချ်ကို အဖွင့်ပွဲမှာ ၂-၀ ဖြင့် အနိုင်ရခဲ့သလို ဒုတိယပွဲအဖြစ် ဘရန့်ဖိုဒ့်ကိုလည်း အိမ်ကွင်းမှာ ၂-၀ ဖြင့် အနိုင်ရပြန်ခဲ့ပါတယ်။ နှစ်ပွဲလုံးမှာ လီဗာပူးရဲ့ ပွဲချဉ်းကပ်ပုံတွေက မနှစ်ကထက် ပိုပြီး ရင့်ကျက်မှုရှိခဲ့ပါတယ်။
ကာရေဂါကတော့ ဆလော့ရဲ့ လက်ထက် လီဗာပူးရဲ့ ကစားဟန်ဟာ မန်စီးတီး ပိုဆန်တယ်လို့ မြင်မိကြောင်းနဲ့ ကလော့ပ်ခေတ်မှာ ထင်ရှားတဲ့ နောက်ကျသွင်းဂိုးမျိုး မမြင်ရဘဲ ပွဲကို ပိုထိန်းချုပ်နိုင်လိမ့်မယ်လို့ ထုတ်ပြောလာခဲ့တယ်။
” လီဗာပူးအသင်းဟာ သူ့ဂိုးပေါက် ကိုယ့်ဂိုးပေါက်မှာ အပြန်အလှန် ထိုးဖောက် ကစားတဲ့ စတိုင်မျိုး မဟုတ်တော့ပါဘူး။ မနှစ်ကဆိုရင် ပရိသတ်တွေအတွက် ရိုလာကိုစတာ စီးရသလို တကယ်ကို သည်းထိတ်ရင်ဖိုပါပဲ။
အနောက်ကနေ လိုက်ကစားရတယ်၊ နောက်ကျဂိုးတွေ သွင်းရတယ်။ ပွဲတိုင်းက ဖလားပွဲဖိုင်နယ်လို ကြည့်ခဲ့ရတာပါ။ မနှစ်ကရာသီတုန်းက လီဗာပူးအသင်းဟာ အခုလို (ဘရန့်ဖိုဒ့်ကို အနိုင်ရတာ) နိုင်ပွဲတွေ အများကြီး လိုခဲ့ပါတယ်။
ဒုတိယပိုင်း လီဗာပူးကစားသွားတာဟာ မန်စီးတီး ပိုဆန်ပါတယ်။ ဘာအန္တရာယ်မှ မရင်ဆိုင်ခဲ့ရဘူး။ အာနယ် ဆလော့ရဲ့ လီဗာပူးက ကလော့ပ်ရဲ့ လီဗာပူးလို နောက်ဆုံး မိနစ် သွင်းဂိုးတွေနဲ့ စိတ်လှုပ်ရှားစရာ ဖြစ်လာတော့မှာ မဟုတ်ပါဘူး။
ဒီနေ့ပွဲလို (ဘရန့်ဖိုဒ့်ပွဲ) နိုင်ပွဲတွေ ဆက်ရနေမယ်ဆိုရင် ရာသီကုန်မှာ လီဗာပူးအသင်းက အနေအထားကောင်းမှာ ရှိနေပါလိမ့်မယ် ” လို့ ကာရေဂါက ဆိုခဲ့တာ ဖြစ်ပါတယ်။
အာနယ် ဆလော့ဟာ သူ့ရဲ့ လီဗာပူးနည်းပြ စိန်ခေါ်မှုကြီးအဖြစ် လာမယ့်အပတ် အိုးထရတ်ဖိုဒ့်မှာ ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ်။