NEWS: ဆဲလ်ဘတ်ရောက်တော့မယ့် ဘာ့ဂျ်ဆဲတစ်၊ အလွန်ဆို တပည့်ခံမယ့် မော်တန် အပါအဝင် လီဗာပူး အပြောင်းအရွှေ့ ကိစ္စများ

အပြောင်းအရွှေ့ စျေးကွက် ပိတ်တော့မှာဖြစ်ပြီး လီဗာပူးအသင်းရဲ့ လက်တလော လှုပ်ရှားမှုတွေလည်း အသံတွေ ထွက်ပေါ်လာနေပါပြီ။ ဂျာစီကိုင်မှ ယုံမယ်ဆိုတဲ့ သူတွေကတော့ စနေနေ့မှ လီဗာပူးအကြောင်း ပြန်ဖတ်ကြရင် အဆင်ပြေပါလိမ့်မယ်။

အပြောင်းအရွှေ့ စျေးကွက်တွေရဲ့ deadline နေ့ဟာ စျေးကိုင်နေလို့ မရပါဘူး။ ကမ်းလှမ်းမယ့် အသင်းက မှန်မှန်ကန်ကန်နဲ့ အရောင်းအဝယ် တည့်မယ့် စျေးကို ပေးရပြီး လက်ခံတဲ့ ကလပ်ဘက်ကလည်း လုပ်မှာလား မလုပ်ဘူးလား ပြတ်ပြတ်သားသား အဖြေပေးရပါတယ်။

ဒီနွေစျေးကွက်ကလည်း စိတ်လှုပ်ရှားစရာတွေဖြစ်လာနိုင်သလို ဒီရက်ထဲ သတင်းကြီးလာတဲ့ ကိစ္စတွေကို LFCThaDin ဖတ်ရှုသူတွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

ဘာ့ဂျ်ဆဲတစ်

ဒီနွေမှာ လီဗာပူးကနေ သေချာပေါက်ထွက်မှာပါ။ စပိန်သားကို အငှားနဲ့ ခေါ်ယူဖို့ ဆဲလ်ဘတ်ဘက်က ဆွေးနွေးမှု ဝင်လာရာမှာ တိုးတက်တဲ့ အဆင့်ထိ ရောက်သွားခဲ့ပြီး အပြီးသတ် ကိစ္စွတွေကိုတောင် စတင် ညိနှိုင်းနေပါပြီ။

လီဗာပူးအသင်းက ရေရှည်မှာ ဘာ့ဂျ်ဆဲတစ်ကို နေရာပေးဖို့ ရှိလို့ သူ့ကို အသင်း ကစားစေချင်တဲ့ ကွင်းလယ်နေရာမှာပဲ သုံးပေးမယ့် အသင်းကို ရှာနေတာဖြစ်ပါတယ်။ ပွဲထွက်ခွင့်လည်း ပေးရမယ့် တောင်းဆိုချက် ရှိထားပါတယ်။

မော်တန်

ဘွန်ဒက်လီဂါ လက်ရှိ ချန်ပီယံ လေဗာကူဆင်အသင်းဟာ တိုင်လာ မော်တန်ကို အငှားဖြင့် ခေါ်နိုင်ဖို့ တွန်းအားပေးနေပါပြီ။ ဒီနေ့မှာ ဂျာမာန်ကလပ်နဲ့ လီဗာပူးကြား ဆွေးနွေးမှု လုပ်ခဲ့ပြီး အပြီးသတ် ခေါ်ယူခွင့်ပါတဲ့ အငှားကမ်းလှမ်းမှုမျိုးကို စကားပြောခဲ့ပါတယ်။

အင်္ဂလန်ကွင်းလယ်လူကို ဖီယင်နုကလည်း ခေါ်ချင်နေချိန် မော်တန်ကိုယ်တိုင်က အလွန်ဆို လက်အောက်မှာ ကစားချင်နေပါတယ်။

လီဗာပူး ကွင်းလယ်လူ ရှာနေပြီ

လီဗာပူးအသင်းဟာ ဘာ့ဂျ်ဆဲတစ်နဲ့ မော်တန်တို့ကို ဒီနွေမှာ ထွက်ခွာခွင့် ပေးနိုင်တော့မှာဖြစ်လို့ ကွင်းလယ်လူသစ် ရှာနေပါပြီ။ ဒါပေမယ့် အလျင်စလို ရှာနေတာ မဟုတ်ဘဲ အဆင်ပြေရင် ခေါ်မယ့် ပုံစံမျိုးဖြစ်သလို လူငယ်ထဲက ရှာနေတဲ့ အခြေအနေပါ။

တိုက်စစ်ကိုလည်း အားဖြည့်လို

လီဗာပူးအသင်းက ချီယေဆာကို ခေါ်လိုနေပါတယ်။ ကစားသမားရဲ့ အေးဂျင့်ဘက်က ၂၄ နာရီအတွင်း ဘာစီလိုနာဘက်က ကမ်းလှမ်းမှု မလုပ်မှ လီဗာပူးကို ရွေးချယ်မယ့် သဘောထား ပြသချိန်မှာ အသင်းဘက်က ကိုးမန်း၊ ဂေါ်ဒန်တို့ကိုလည်း ရွေးချယ်စရာ ပစ်မှတ်တွေထဲ ထည့်လာပါတယ်။ ချီယေဆာကတော့ ပိုပြီး ဦးစားပေးမယ့် သဘောပါပဲ။

ခံစစ်ကိုလည်း စောင့်ကြည့်နေ

ပဲလေစ့်ဘက်က ဂူဟီကို လက်လွတ်ရရင် ဂိုးမက်စ်နဲ့ အစားထိုးဖို့ ချိန်နေပါတယ်။ အခုထိ တရားဝင် ကမ်းလှမ်းမှု မလုပ်သေးပါဘူး။ လီဗာပူးဘက်ကလည်း ဗန်ဒန်ဘတ်ကို လက်လွတ်ထားရတာမို့ ဂိုးမက်စ်ပါ အသင်းပြောင်းရင် ခံစစ်မှူးသစ် တစ်ဦး ခေါ်ယူတော့မှာပါ။ ပြန်အစားထိုးဖို့ ဖြစ်လာခဲ့ရင် အသက် ၂၃ နှစ်အောက်ထဲကပဲ ခေါ်ယူလိုနေပါတယ်။