NEWS: ဂိုးမက်စ် ထွက်သွားခဲ့ရင် အစားထိုးဖို့ လီဗာပူး ချိန်ရွယ်ထားတဲ့ ခံစစ်မှူး ၃ ဦး

ပရီးမီးယားလိဂ်ကလပ် ပဲလေစ့်အသင်းဟာ စျေးကွက် နောက်ဆုံးအချိန်မှာ လီဗာပူးခံစစ်မှူး ဂိုးမက်စ်ကို ခေါ်ယူလိုရိပ် ပြသလာပါတယ်။

လက်တလောထိတော့ တရားဝင် ချိတ်ဆက်မှု မရှိသေးသလို တိုးတက်တဲ့ အခြေအနေထိ မရောက်သေးပါဘူး။ လီဗာပူးဘက်က ပြောင်းရွှေ့ကြေးက ပေါင် ၄၅ သန်း ရမယ်ဆိုရင် ဂိုးမက်စ်ကို ထွက်ခွင့်ပေးမှာဖြစ်ပါတယ်။

ဗန်ဒန်ဘတ်ကို ရောင်းထုတ်ထားတဲ့ လီဗာပူးအသင်းဟာ ဂိုးမက်ဇ်ကိုပါ ရောင်းချနိုင်ရင် ခံစစ်မှူးသစ် အစားထိုးဖို့ ပလန်ရှိထားပါတယ်။ ခံစစ်ပိုင်း လူရှာနေတယ်လို့လည်း သတင်းထောက်တွေဘက်က ဖော်ပြလာနေပါတယ်။

လီဗာပူး စိတ်ဝင်စားနေတဲ့ ခံစစ်မှူး ၃ ဦး ရှိပြီး လိုက်ဇစ်မှ လုကီဘာ၊ အင်တာမှ ဘာစတိုနီနဲ့ အဲဗာတန်မှ ဘရန့်ဝိတ်တို့ဖြစ်ပါတယ်။

အသင်း ယခင်က ပစ်မှတ်ထားဖူးတဲ့ အန်နာဆီယို အပါအဝင် ပေါ်တူဂီလိဂ်က ခံစစ်မှူးတွေဟာ လက်တလော စောင့်ကြည့်စာရင်းထဲ ပါဝင်လာခြင်း မရှိပါဘူး။

ဂိုးမက်စ်ရဲ့ အပြောင်းအရွှေ့ ဖြစ် မဖြစ် အခြေအနေပေါ် မူတည်ပြီး လီဗာပူးဘက်က ခံစစ်ပိုင်းအတွက် လှုပ်ရှားပါလိမ့်မယ်။ အသက် ၂၇ နှစ်အရွယ် ဂိုးမက်စ်ဟာ လီဗာပူးနဲ့ ၂၀၂၇ ခုနှစ်ထိ စာချုပ်ရှိထားသူဖြစ်ပါတယ်။

ဒီအပတ် သောကြာနေ့မှာ ပရီးမီးယားလိဂ် အပြောင်းအရွှေ့ စျေးကွက် ပိတ်မှာဖြစ်ပြီး အခြားသော ခံစစ်မှူးဖြစ်တဲ့ နက်ဖီးလစ်ကို ခေါ်ယူလိုတဲ့ ကလပ်ကတော့ ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။