ဒါဝင်ကို ချိတ်ဆက်လာဖွယ်ရှိခြင်း၊ ကွင်းလယ်လူ ၂ ဦး ချန်ပီယံလိဂ်ကစားခွင့်နဲ့ အငှားထွက်၊ မာမာဒီရှီဗီလီကို မိတ်ဆက်ပေးခြင်း၊ ချီယေဆာကို အားထုတ်နေခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ဗလန်စီယာ ဂိုးသမား မာမာဒီရှီဗီလီက သူဟာ လီဗာပူး ကစားသမားသစ်ဖြစ်လာကြောင်း အသင်းရဲ့ တရားဝင် ကြေညာချက်အား YNWA ဆိုတဲ့ စာသားဖြင့် မိတ်ဆက်လိုက်ပါတယ်။ ဂိုးသမားဟာ ဗလန်စီယာမှာပဲ ၁ ရာသီ အငှားထပ်ကစားမှာပါ။

ဂျူဗင်တပ် ဒါရိုက်တာ Giuntoli နဲ့ ချီယေဆာရဲ့ အေးဂျင့်ဖြစ်သူတို့ မီလန်မှာ တွေ့ဆုံညစာစားကြပြီး ကစားသမားရဲ့ အပြောင်းအရွှေ့ကိစ္စကို ဆွေးနွေးနေကြပါတယ်။

လီဗာပူးအသင်းဟာ ချီယေဆာကို ခေါ်ယူနိုင်ရေး တွန်းအားပေးနေပါပြီ။ အီတလီသားအတွက် ပြောင်းရွှေ့ကြေး ယူရို ၁၅ သန်း ဝန်းကျင် ပေးရပါမယ်။

ချီယေဆာ ကိုယ်တိုင်က သူ လီဗာပူးအသင်းထံ ပြောင်းလိုကြောင်း ဆန္ဒကို ဂျူဗင်တပ်ကိုကော သူ့အေးဂျင့်ကိုပါ အသိပေးထားပါတယ်။ သူ့ရဲ့ စိတ်ကတော့ လွန်ခဲ့တဲ့ ၂ ရက် လီဗာပူး စတင် ချိတ်ဆက်စဉ်ကတည်းက ယိုင်နေခဲ့ပြီလို့ သိရပါတယ်။

ကွင်းလယ်လူ ဘာ့ဂျ်ဆဲတစ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရသွားတဲ့ ဆဲလ်ဘတ်အသင်းထံ အငှားဖြင့် ပြောင်းရွှေ့မှာပါ။ အသင်းဘက်က သူ့အတွက် ပွဲကစားခွင့် အာမခံချက်ရဖို့ ဆဲလ်ဘတ်နဲ့ သေချာလေး ညိနှိုင်းမှာ ဖြစ်ပါတယ်။

လေဗာကူဆင်အသင်းဘက်က မော်တန် ကြံ့ခိုင်နေရင် ဒီရာသီ ပြိုင်ပွဲအားလုံးရဲ့ ၅၀% ကစားခွင့်ပေးမယ်ဆိုတဲ့ ကတိနဲ့ ကွင်းလယ်လူကို အငှားကမ်းလှမ်းနေပါတယ်။

ဂိုးမက်ဇ်အတွက် လီဗာပူးဘက်က လမ်းဖွင့်ပေးထားပေမယ့် အစားထိုးစရာ မရှိပါဘဲ စျေးကွက် နောက်ဆုံးအချိန်မှာ ခံစစ်မှူးကို လက်လွတ်ပါ့မလားဆိုတဲ့ မေးခွန်းတွေ ရှိနေဆဲပါ။

အာဆင်နယ်အသင်းက တိုက်စစ်မှူး ဒါဝင်ကို ခေါ်ယူဖို့ ကြိုးစားမယ်ဆိုတဲ့ အသံတွေ စတင်ထွက်ပေါ်နေပါတယ်။ မနှစ် နွေတုန်းကလည်း ချယ်ဆီးဘက်က ဒါဝင်ကို ခေါ်ယူဖို့ ကြိုးစားပေမယ့် လီဗာပူးဘက်က ပယ်ချခဲ့ပါတယ်။

စတုတ်အသင်းကို အငှားထွက်နေတဲ့ ဘယ်တောင်ပံသမား လူးဝစ် ကူးမက်စ်က ကာရာဘောင်းဖလား ပွဲစဉ်မှာ ထပ်မံ ခြေစွမ်းပြခဲ့ပြန်ပါပြီ။

အိုဝင်ဘက်ဟာ ချန်ပီယံရှစ်ကလပ် ဘလက်ဘန်းအသင်းထံ တစ်ရာသီ အငှားထွက်ပြီ ဖြစ်ပါတယ်။