ချီယေဆာ၊ ဒါဝင်တို့ရဲ့ အပြောင်းအရွှေ့ နောက်ဆုံးရ အခြေအနေ

လီဗာပူးအသင်းဟာ အပြောင်းအရွှေ့ စျေးကွက် မပိတ်ခင်မှာ တိုက်စစ်သမား ချီယေဆာကို ခေါ်ယူရေး ပြီးမြောက်ဖို့ ကြိုးစားနေပါတယ်။

တနင်္လာနေ့ကစပြီး လီဗာပူးအသင်းဟာ အသက် ၂၆ နှစ်အရွယ် ဂျူဗင်တပ် ကစားသမားကို ခေါ်ယူနိုင်ဖို့ စတင် ပါဝင်လာတာပါ။ အီတလီလက်ရွေးစင်ရဲ့ ဂျူဗင်တပ် စာချုပ်ဟာ ၂၀၂၅ မှာ ကုန်မှာဖြစ်ပြီး ယူရို ၁၅ သန်း ဝန်းကျင်ဖြင့် ခေါ်ယူခွင့် ရမှာဖြစ်ပါတယ်။

ဂျူဗင်တပ်နည်းပြသစ် Thiago Motta က သူ့ရဲ့ လူစာရင်းမှာ ချီယေဆာကို ဖယ်ထုတ်ထားခဲ့တာပါ။ ၂၀၂၀ မှာ ဖီအိုရင်တီးနားကနေ အငှားလာကစားပြီး ယူရို သန်း ၅၀ ဖြင့် အပြီးသတ် ပြောင်းခဲ့တဲ့ ချီယေဆာဟာ ပွဲကစားခွင့်ရဖို့ အသင်းသစ် ရှာဖွေနေတာဖြစ်ပါတယ်။

လီဗာပူးက ချီယေဆာကို ကာလရှည် စိတ်ဝင်စားခဲ့တာဖြစ်ကာ လက်ရှိ စျေးကွက်မှာ ခေါ်ယူမှု ပြီးမြောက်ခဲ့ရင် ၄ နှစ် စာချုပ်ပေးဖို့ ပြင်ဆင်ထားပါတယ်။

နည်းပြအယ်လီဂရီလက်ထက် ဂျူဗင်တပ်မှာ ပုံမှန် ပွဲကစားခွင့်ရခဲ့တဲ့ ချီယေဆာဟာ ၂၀၂၂ မှာ ရခဲ့တဲ့ ပြင်းထန် ဒဏ်ရာကြောင့် ၉ လကြာ အနားယူရပြီးနောက်ပိုင်း မနှစ်ကရာသီမှာ ပွဲချိန် အများအပြား ပြန်ကစားထားနိုင်ပါတယ်။

ဒါဝင် နူးညက်စ်ကို လက်လွတ်မည် မဟုတ်

ချီယေဆာကို ကြိုးစားနေစဉ်မှာပဲ အပြောင်းအရွှေ့ နောက်ဆုံးရက်အတွင်း တိုက်စစ်မှူး ဒါဝင် နူးညက်စ်ကို ခေါ်ယူလိုတဲ့ ကလပ်တွေ ရှိနေကြောင်း ကောလဟာလ သတင်းတွေ ထွက်ပေါ်နေတယ်။

ဒီမနက်မှာပဲ အပြောင်းအရွှေ့ ကိစ္စတွေ အသံထွက်လာတာဖြစ်ပေမယ့် လီဗာပူးအသင်းဟာ ဒါဝင်အတွက် နောက်ကျ ကမ်းလှမ်းမှုတွေကို လက်ခံပေးသွားမှာ မဟုတ်ကြောင်း ဂုဏ်သိက္ခာရှိ သတင်းထောက် François Plateau က သတင်းထုတ်ပြန်ပေးလာခဲ့ပါတယ်။