လီဗာပူး ပြန်ခေါ်လိုရင် ယူရို သန်း ၇၀ ပေးရမယ့် ကမ်းလှမ်းမှုနဲ့ ဘာ့ဂျ်ဆဲတစ်အတွက် ဘာစီလိုနာ ချိတ်ဆက်

လာလီဂါကလပ် ဘာစီလိုနာအသင်းဟာ ကွင်းလယ်လူ ဘာ့ဂျ်ဆဲတစ်ကို လီဗာပူးကနေ အငှားခေါ်ယူရေး ချိတ်ဆက်မှု ပြုလုပ်နေကြောင်း စပိန်သတင်းတွေက ဖော်ပြပါတယ်။

ဘာစီလိုနာဟာ ၎င်းတို့အသင်း ကွင်းလယ်ခံစစ်သမား ဒဏ်ရာရသွားတာကြောင့် စျေးကွက်မပိတ်ခင် လူသစ် အမြန်ရှာနေရာမှာ စပိန်သား ဘာ့ဂျ်ဆဲတစ်ကို ခေါ်ယူလိုလာခြင်း ဖြစ်ပါတယ်။

ဘာစီလိုနာဘက်က ဘာ့ဂျ်ဆဲတစ်အတွက် ယူရို ၄ သန်းပေးကာ ၁ ရာသီ အငှားခေါ်ယူလိုနေပြီး ယူရို သန်း ၃၀ ဖြင့် အပြီးသတ် ခေါ်ယူခွင့် ထည့်မယ်လို့ သိရတယ်။ ဒါ့အပြင် လီဗာပူးအသင်းဟာ ကစားသမားရဲ့ ပုံရိပ်ကို ၂၀% ပိုင်ဆိုင်ခွင့်ရှိပါဦးမယ်။

အကယ်လို့ ဘာစီလိုနာဘက်က ယူရို သန်း ၃၀ ဖြင့် အပြီးသတ် ဝယ်ယူပြီးလို့ လီဗာပူးဘက်က ကွင်းလယ်လူအတွက် buy-back အချက် ထည့်သွင်းလိုရင်တော့ ယူရို သန်း ၇၀ ပေးမှ ပြန်လည် ဝယ်ယူခွင့်ရမယ့် အချက်ကို သဘောတူပေးရပါမယ်။

ကလပ်နှစ်သင်းကြား စကားပြောမှု ဆက်ရှိနေပြီး အပြောင်းအရွှေ့ ကိစ္စ အဆင်မပြေဘဲ ပြီးပြတ်သွားတာမျိုးလည်း မဟုတ်သေးပါဘူး။ ညိနှိုင်းမှုတွေက ပိုပြီး ရှုပ်ထွေးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

အပြောင်းအရွှေ့ သတင်းထောက် ရိုမန်နိုကတော့ စပိန်သတင်းတွေကို ချက်ခြင်း ငြင်းဆန်ပြီး ဘာစီလိုနာဟာ ယူရို ၄ သန်းဖြင့် အငှားသီးသန့်ပဲ တိုက်ရိုက် ကမ်းလှမ်းနေတယ်လို့ ဖော်ပြလာပါတယ်။

ကနဦးတုန်းက လီဗာပူးအသင်းဟာ ဘာ့ဂျ်ဆဲတစ်ကို ဆဲလ်ဘတ်အသင်းထံ အငှားချဖို့ လုပ်နေတာဖြစ်ပြီး ဘယ်ဟာက ပိုကောင်းတဲ့ ကမ်းလှမ်းမှုဖြစ်မလဲ အကဲဖြတ်နေဆဲဖြစ်ပါတယ်။