ချီယေဆာကို ဆေးရုံအုပ်ကြီးလို့ ပြောကြတာဟာ အစိုးရိမ်လွန်နေခြင်းဖြစ်ကြောင်း ရှင်းပြခြင်း

အီတလီတိုက်စစ်သမား ချီယေဆာဟာ လီဗာပူးကစားသမားအဖြစ် တရားဝင် ကြေညာခံရခြင်း မရှိသေးချိန်မှာပဲ သူ့ကို ဝေဖန်သူတွေက လူအုပ်ကြီးဖြစ်လို့နေပါပြီ။

၂၀၂၂ ဇန်နဝါရီမှာ ၉ လကြာ အနားယူရတဲ့ ပြင်းထန်ဒဏ်ရာ နောက်ပိုင်း ချီယေဆာဟာ ချီယေဆာ မဟုတ်တော့ဘဲ ဒဏ်ရာရဲ့ သားကောင်ဖြစ်နေကြောင်း ဝေဖန်ချက်တွေဟာ ကစားသမားအကြောင်း ဘာတစ်ခုမှ မသိသူတွေကြားမှာ စိုးရိမ်စရာ ဖြစ်လို့နေပါတယ်။

ယာဂင်ကလော့ပ် အလိုရှိခဲ့ပြီး အီတလီပြင်ပကို မထွက်လိုသေးတဲ့ ချီယေဆာဟာ ၂၀၂၂ မှာတော့ သူ ၂ ရာသီကြာ အငှားထွက်ကစားနေတဲ့ ဂျူဗင်တပ်ကိုပဲ ယူရို သန်း ၅၀ ဖြင့် ပြောင်းရွှေ့ခဲ့ပါတယ်။ အငှားကာလအတွင်း ဂျူဗင်တပ်ဟာ ယူရို ၁၀ သန်းလည်း ပေးချေခဲ့ပါတယ်။

ထိုစဉ်က ကစားသမားရဲ့ တန်ကြေးဟာ ယူရို သန်း ၁၀၀ စျေးပေါက်ခဲ့ပြီး ဥရောပရဲ့ အလားအလာ အရှိဆုံး တိုက်စစ်သမားအဖြစ် ယူရိုဖလားကြီးကိုပါ အီတလီအသင်းနဲ့ အောင်မြင်ခဲ့တာပါ။ ဒါပေမယ့် ဒဏ်ရာက သူ့ရဲ့ တက်လှမ်းကို ပိတ်ပင်ခဲ့ပါတယ်။

၂ ရာသီခန့် ကစားတလှည့် နားတလှည့်ဖြစ်နေတဲ့ ချီယေဆာဟာ ပြီးခဲ့တဲ့ရာသီမှာ ဒဏ်ရာတွေက ရုန်းထလာခဲ့ကာ ပြိုင်ပွဲစုံ ၃၉ ပွဲ ကစားခဲ့ပြီး ၁၀ ဂိုး သွင်းခဲ့ပါတယ်။ မနှစ်က အမှတ်ပေးလိဂ်မှာ သူကစားခဲ့တဲ့ မိနစ်ဟာ ဂျိုတာ လီဗာပူးအတွက် ကစားပေးခဲ့တာရဲ့ နှစ်ဆ ဝန်းကျင်ထိတောင် ရှိပါတယ်။

ဒါ့အပြင် ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ အမှတ်ပေးလိဂ်မှာ ချီယေဆာဟာ ဂက်ပို၊ ဒါဝင်၊ ဆိုဘိုစလိုင်၊ ကာတစ်ဂျုံးတို့ ကစားတာထက်တောင် ပိုကစားနိုင်ခဲ့သလို လီဗာပူးမှာ သူ့လောက် ပွဲမိနစ် များများ ကစားနိုင်ခဲ့တာ လက်ငါးချောင်း မပြည့်ပါဘူး။

လက်ရှိ လီဗာပူးအသင်း စွမ်းဆောင်ရည် မန်နေဂျာ ရူဘန်ပီတာ့စ်ဟာ ကြံ့ခိုင်မှု ထိန်းသိမ်းပေးနိုင်ခြင်းမှာ ထိပ်တန်းအဆင့် ပုဂ္ဂိုလ်ဖြစ်ပါတယ်။ သူဟာ ပြင်းထန် ဒဏ်ရာရှိတဲ့ ကစားသမားတွေကို အကောင်းဆုံး လမ်းညွှန်ပေးနိုင်သူအဖြစ်လည်း လူသိများပါတယ်။

နယ်သာလန်လိဂ်မှာ အာနယ်ဆလော့ရဲ့ ဖီယင်နုက လိဂ်ရဲ့ ကစားအား အပြင်းထန်ဆုံး အသင်းအဖြစ် ထိပ်ဆုံးရှိခဲ့တာဟာ ရူဘန်ပီတာ့စ်ရဲ့ နောက်ကွယ်က ကြိုးစားပေးမှုကြောင့်လို့လည်း ချီးကျူးခံရမှုတွေရှိပါတယ်။ ချီယေဆာ၊ ဂျိုတာတို့ရဲ့ ဒဏ်ရာ ဟောင်းတွေကို ပီတာ့စ် စီမံပေးနိုင်မယ် အကောင်းမြင်လို့ရပါတယ်။