

၂၀၂၃ တုန်းက ဂိုးသမားအဖြစ်က အနားယူသွားပြီဖြစ်တဲ့ အီတလီ ဂိုးသမားကြီး ဘူဖွန်ဟာ သူ့ရဲ့ တရားဝင် အနားယူမှု မတိုင်ခင်တည်းက ချီယေဆာကြောင့် ကစားသမားဘဝက နားသင့်ပြီးလား စဉ်းစားခဲ့ဖူးပါတယ်။
ဘူဖွန်နဲ့ ချီယေဆာရဲ့ ဖခင်ဖြစ်သူ အန်ရီကိုတို့ဟာ စီးရီအေကလပ် ပါးမားအသင်းမှာ ဘောလုံးအတူကစားခဲ့သူတွေပါ။ အသင်းဖော်ဟောင်းရဲ့ သားဖြစ်သူ ချီယေဆာကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရချိန်မှာ ဘူဖွန်တစ်ယောက် သူ့ဘာသာ သိပ်အိုနေပြီလားဆိုပြီး စိတ်ရှုပ်သွားခဲ့ပါတယ်။
ဒီအကြောင်းကို ဘူဖွန်ကပဲ “ ချီယေဆာကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရတော့ ကျနော် အတွေးတွေ ရှုပ်ထွေးကုန်တယ်။ ကိုယ့်အသင်းဖော်ဟောင်းရဲ့ သားဖြစ်သူကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရတာ ဘဝမှာ ပထမဆုံးဖြစ်ခဲ့တာလေ။ ငါလည်း ကစားသမားဘဝက နားသင့်နေပြီလားဆိုပြီး တွေးမိခဲ့ပါတယ် ” လို့ ပြောပြပါတယ်။
ချီယေဆာရဲ့ အကောင်းဆုံး အခိုက်အတန့်တွေထဲက တစ်ခုက အီတလီအသင်းကို ယူရိုဖလား အောင်မြင်စေခဲ့တာပါ။ အဲ့ပြိုင်ပွဲကပဲ တိုက်စစ်သမားဟာ ထိပ်တန်းတစ်ဦးဆိုတာ သက်သေပြခဲ့တာလို့ ဘူဖွန်က ပြောပြပါတယ်။
“ ဂျူဗီကို သူ (ချီယေဆာ) ရောက်လာတော့ ဒီကောင်လေးက သိပ်ကောင်းမယ် မထင်မိခဲ့ဘူး။ ယူရိုကျမှ ကောင်းလိုက်တာဗျာ။ အင်္ဂလန်နဲ့ ဖိုင်နယ်ပွဲမှာဆိုရင် ချီယေဆာကို ရပ်လို့မှ မရတော့တာပါပဲ။
အဆင့်အမြင့်ဆုံး ပြိုင်ပွဲတွေမှာ ဒီလိုမျိုး စွမ်းဆောင်ပြနိုင်တယ်ဆိုတည်းက သူဟာ အံ့မခန်း ထူးချွန်တယ်လို့ အဓိပ္ပာယ် သက်ရောက်ပါတယ် ” လို့ ဘူဖွန်က ပြောပါသေးတယ်။
အီတလီရဲ့ အနာဂတ်အဖြစ် တောက်ပခဲ့တဲ့ ချီယေဆာဟာ ၂၀၂၂ မှာ ဒဏ်ရာကြီးရခဲ့ရာက ကစားသမားဘဝ ခက်ခဲတဲ့ ကာလတစ်ခုကို ရင်ဆိုင်ခဲ့ရပါတယ်။ အခုချိန်မှာတော့ သူဟာ ဒဏ်ရာပြဿနာတွေ ကင်းစင်နေသလို နယ်မြေသစ်အဖြစ် လီဗာပူးအသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ယှဉ်ပြိုင်သွားတော့မှာ ဖြစ်ပါတယ်။