

ဒီအပတ် အင်္ဂလန်အနောက်မြောက် ဒါဘီပွဲကို လီဗာပူးနည်ပြအဖြစ် ပထမဆုံး ယှဉ်ပြိုင်ရမယ့်အပေါ် အာနယ် ဆလော့ရဲ့ မီဒီယာတွေ့ဆုံမှုမှ ဖြေဆိုပေးချက်တွေ ဖြစ်ပါတယ်။
ခီယေဆာနဲ့ မာမာဒါရှီဗီလီတို့ကို ခေါ်ယူနိုင်ခြင်းအပေါ်
သူတို့နှစ်ဦးကို ခေါ်ယူလိုက်တာက ကလပ် လုပ်နေကျအတိုင်း ရေတိုအတွက်ကော ရေရှည်အတွက်ပါ အသုံးဝင်မှာဖြစ်ပါတယ်။ ဒါကြောင့်ပဲ ကျနော်တို့က သူတို့ကို ခေါ်ယူလိုက်တာပါ။ ဒီခေါ်ယူမှုတွေအတွက် ဝမ်းသာပါတယ်။
မာမာဒီရှီဗီလီအပြင် ကလယ်ဟာ၊ ဂျာရိုစ်နဲ့ အယ်လီဆတို့ အသင်းမှာ ရှိနေပါမယ်။ ကလယ်ဟာဘက်က တစ်ခုခု ဆုံးဖြတ်တာမျိုး ရှိနိုင်ပါတယ်။ ဂိုးသမားနေရာအတွက် ကျနော်တို့မှာ အခုအတွက်ကော ရေရှည်အတွက်ပါ အားကောင်းနေပါတယ်။
စျေးကွက် နောက်ဆုံးရက်မှာ လူသစ် ထပ်ရမလား
ကျနော်တော့ မမျှော်လင့်ထားပါဘူး။ အကယ်လို့ အခွင့်အရေးရှိရင် အသင်းဘက်က ကြိုးစားမှာပါ။ ကျနော်ကတော့ လူသစ်ထပ်ရမယ် မထင်ပါဘူး။
ယူနိုက်တက်ကို ရင်ဆိုင်ရမယ့်အပေါ်
ရာသီကြိုတုန်းက ရင်ဆိုင်ရတာနဲ့ ခြားနားပါမယ်။ သူတို့ရဲ့ ပရိသတ်တွေက ကျနော်တို့ကို အားပေးနေမယ်လည်း မထင်ပါဘူး၊ ကျနော်တို့ အသာရအောင် လုပ်ပေးကြမှာ မဟုတ်ပါဘူး။
လီဗာပူးနဲ့ ယူနိုက်တက်ကြား ဇာတ်လမ်းတွေကို တချို့က ကျနော်ကို ပြောပြကြပါတယ်။ ဒါပေမယ့် မလိုပါဘူးဗျာ။ လီဗာပူးလို အသင်းအတွက် အလုပ်လုပ်တည်းက ဒီပွဲဟာ အသင်းအတွက် ဘယ်လောက်ထိ အရေးကြီးလဲ သိရပါမယ်။ လီဗာပူးနဲ့ ယူနိုက်တက် ရင်ဆိုင်တဲ့ပွဲက ဘယ်လောက် အရေးကြီးတယ်ဆိုတာ ကျနော် သိပါတယ်။
ဟာဗေးနဲ့ ပက်သက်လို့
ကစားချိန်တွေမရတာက သူတို့အတွက် တပန်းသာနေတာမျိုး မဟုတ်ပါဘူး။ ကျနော်တို့က တစ်ပတ်ကို ၁ ပွဲပဲ ကစားနေရသေးတာဆိုတော့ သူတို့အတွက် ပွဲချိန်တွေ မလုပ်ပေးနိုင်သေးပါဘူး။ ရာသီကြိုမှာ သူရဲ့ လုပ်နိုင်စွမ်းတွေ ပြသထားပြီးပါပြီ။ သူကစားရမယ့် နေရာမှာ ဒွန်ကစားနေပါတယ်။ ဒီနေရာအတွက် ဒွန်နဲ့ ဟာဗေးတို့ ရှိနေတာက သိပ်ကို အထက်တန်းစားဆန်ပါတယ်။
တန်ဟက်နဲ့က ဘော်ဒါမဟုတ်
ကျနော်တို့တွေကြားမှာ လေစားမှုရှိပါတယ်၊ ကောင်းမွန်တဲ့ ဆက်ဆံရေးလည်း ရှိပါတယ်။ ဒါပေမယ့် သူငယ်ချင်းလို့ နာမည်တပ်လို့ မရပါဘူး။ သူငယ်ချင်းဆိုတာ သိပ်ကို ရင်းနှီးပါတယ်။ ကျနော်တို့က ဆက်ဆံရေးကောင်း ရှိတာလောက်ပါ။ ကျနော်တို့ အချင်းချင်းက တစ်ယောက်အကြောင်း တစ်ယောက် သိပ်မသိပါဘူး။
ဒဏ်ရာအခြေအနေ
ကာတစ်ဂျုံးကလွဲလို့ အသင်းမှာ ဒဏ်ရာပြဿနာ မရှိပါဘူး။ ကျန်အသင်းသား အားလုံး ဒီနေ့မှာ လေ့ကျင့်ရေးဆင်းခဲ့ကြပါတယ်။