ခီယေဆာရဲ့ တစ်ပတ်လုပ်ခ၊ ယူနိုက်တက်ပွဲကို လွဲမယ့်သူများ၊ ချန်ပီယံလိဂ် ပထမဆုံးပွဲနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

နွေစျေးကွက်မှာ အသုံးစရိတ်အဖြစ် ပေါင် ၁၂ သန်း ဝန်းကျင်ပဲ ထုတ်ခဲ့ခြင်းအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲဝင် Pot 1 ကလပ်တစ်သင်း လုပ်သင့်တဲ့ အနေအထားလားဆိုပြီး FSG ကို တိုက်ရိုက် ဝေဖန်နေကြပါတယ်။

ဒီနွေမှာ လီဗာပူးအသင်းဟာ အနာဂတ်အတွက် ရည်ရွယ်ပြီး ဂိုးသမား မာမာဒီရှီဗီလီအတွက် ပေါင် သန်း ၃၀ ဝန်းကျင် သုံးခဲ့ပေမယ့် ၁ ရာသီ အငှားပြန်ချခဲ့ကာ စီနီယာလူစာရင်းထဲ ထည့်ပေါင်းနိုင်ခြင်း မရှိပါဘူး။

ဒီကနေ့ည ယူနိုက်တက်နဲ့ပွဲကို ကာတစ်ဂျုံး ဒဏ်ရာကြောင့် ပါမှာ မဟုတ်သလို ခီယေဆာကိုလည်း ထည့်သွင်းသေးဖွယ် မရှိပါဘူး။

ယူနိုက်တက်ပွဲ ပွဲထွက်လူစာရင်းအဖြစ် အယ်လီဆန်၊ ထရန့်၊ ကိုနတေး၊ ဗန်ဒိုက်၊ ရော်ဘတ်ဆန်၊ ဂရာဗင်ဘက်ချ်၊ မာကာ၊ ဆိုဘို၊ ဒီယက်ဇ်၊ ဂျိုတာ၊ ဆာလာတို့ပဲ ဖြစ်လာဖွယ် ရှိပါတယ်။

စကိုင်းရဲ့ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အကောင်းဆုံး တောင်ပံသမားအဖြစ် မဲခွဲမှုမှာ ရော်နယ်ဒို (၂၃%) နောက်မှာ ဆာလာ (၂၂%) က အနီးကပ် ဖိအားပေးနေပါတယ်။

ခီယေဆာရဲ့ ၄ နှစ်စာချုပ်အတွင်း လီဗာပူးဘက်က တစ်ပတ်လုပ်ခ ပေါင် ၁၂၀၀၀၀ ပေးမှာဖြစ်တယ်လို့ သတင်းထောက် ဂျိမ်းပီယာ့ဇ်က ဖော်ပြလာပါတယ်။

လီဗာပူးအသင်းရဲ့ ချန်ပီယံလိဂ် ပထမဆုံးပွဲက အေစီမီလန်နဲ့ဖြစ်ကာ အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ရပါမယ်။ (ပွဲစဉ်တွေအကြောင်း အသေးစိတ်ကို ကျနော်တို့ LFCThaDin ဝဘ်ဆိုဒ်မှာ ဖော်ပြပေးထားပါတယ်)

မနေ့က ပရီးမီးယားလိဂ်ပွဲမှာ မြို့ခံပြိုင်ဘက် အဲဗာတန်ဟာ ၂-၀ ဖြင့် ဦးဆောင်ထားပြီးမှ ပွဲချိန် ၈၆ မိနစ်နောက်ပိုင်း ၃ ဂိုး ပြန်ပေးလိုက်ရလို့ ရှုံးနိမ့်ခဲ့ကာ တန်းဆင်းဇုန်နားမှာ ဆက်ရှိနေပါတယ်။