လီဗာပူးအသင်းဟာ ပြောင်းလဲထားတဲ့ အုပ်ချုပ်မှုပုံစံသစ်အောက်မှာ ရာသီကြိုကာလတစ်ခုနဲ့ နွေအပြောင်းအရွှေ့ စျေးကွက် တစ်ခုတို့ကို ကျော်ဖြတ်လာခဲ့ပြီဖြစ်ပါတယ်။
ဆလော့ဟာ ဟန်းနီးမွန်းကာလမှာ အထင်ကြီးစရာ စွမ်းဆောင်ရည်တွေ ယူပြထားကာ ခီယေဆာ တစ်ဦးတည်းကို ခေါ်ယူပေးထားတဲ့ ရစ်ချက်ဟုချ်ကတော့ လီဗာပူးအသင်း ပရိသတ်တွေကြား အမှတ်မကောင်းပေမယ့် သူ့ရဲ့တာဝန်ကို အကောင်းဆုံး ဆက်ခံနေတယ်လို့ ဗြိတိန်ဘောလုံးအသိုင်းအဝိုင်းအတွင်း အထင်ကြီးခံနေရပါတယ်။
၂၀၂၄-၂၀၂၅ နွေအပြောင်းအရွှေ့ စျေးကွက်မှာ ရစ်ချက်ဟုချ် ဘာတွေလုပ်ခဲ့လဲ အကဲဖြတ်ကြည့်မှာဖြစ်ပါတယ်။
အရန်ကစားသမားတွေကနေ ငွေကြေးရှာနိုင်စွမ်း
၂ ရာသီဆက်တိုက် စျေးကွက်မှာ ကမ်းလှမ်းမှုကောင်း မရှာနိုင်ခဲ့တဲ့ ခံစစ်မှူး ဗန်ဒန်ဘတ်ကို ဒီနွေမှာ ပေါင် ၂၅ သန်းဖြင့် ဘရန့်ဖိုဒ့်ထံ အပြီးသတ် ရောင်းချခဲ့ပါတယ်။ ပွဲကစားခွင့် မသေချာတဲ့ ကာဗာရိုကိုလည်း ပေါင် ၂၇.၅ သန်းဖြင့် ရောင်းထုတ်ခဲ့တယ်။
ဘော်ဘီကလက်ကို ဆဲလ်ဘတ်ထံ ပေါင် ၁၀ သန်းဖြင့် ရောင်းချခဲ့ပြီး စာချုပ်မှာတော့ အခြားတစ်သင်းက ကမ်းလှမ်းခဲ့ရင် သဘောတူမယ့် ပြောင်းရွှေ့ကြေးနဲ့ လီဗာပူးကို အရင်ဆုံး ခေါ်ခွင့်ပေးဖို့ အချက် ပါဝင်ခဲ့ပါတယ်။
လီဗာပူးဘက်က ပြန်အစားထိုးမှုအဖြစ် ဝုဗ်နဲ့ ချယ်ဆီးအသင်းတွေက ထိပ်တန်း လူငယ်ကြယ်ပွင့် ၂ ဦးကို ပြန်ခေါ်ယူထားပါတယ်။ သူတို့ နှစ်ဦးလုံးက အင်္ဂလန် သက်တမ်းလိုက် အသင်းတွေမှာ နာမည်ကြီး ကြယ်ပွင့်တွေဖြစ်ပါတယ်။
ဂိုးသမားနေရာ ကြိုတင်ပြင်ဆင်မှု
အယ်လီဆန်က လီဗာပူးအသင်းနဲ့ စာချုပ် ၂ နှစ်ပဲကျန်တော့တာဖြစ်ကာ ကလယ်ဟာကလည်း လာမယ့်နွေမှာတော့ သေချာပေါက် အသင်းပြောင်းတော့မှာပါ။ ဂိုးသမားနေရာ ရေရှည်အစားထိုးဖို့ ၂၃ နှစ်သား မာမာဒီရှီဗီလီကို ပေါင် ၃၅ သန်းဖြင့် ခေါ်ယူခဲ့ပါတယ်။ မာမာဒီရှီဗီလာဟာ လူငယ်ဂိုးသမားတွေထဲမှာ အလားအလာ အကောင်းဆုံးလို့ မှတ်ချက်တွေရနေသူပါ။
လူငယ်တွေကို အငှားချနိုင်စွမ်း
ယခင်နှစ်တွေက လီဗာပူးကြယ်ပွင့်တွေဟာ ချန်ပီယံရှစ်ထံ အငှားထွက်နိုင်တာတောင် နည်းပါးပြီး မော်တန်၊ ကာဗာရိုကလွဲရင် လိဂ်ဝမ်းနဲ့ လိဂ်တူးကလပ်တွေကိုပဲ ရောက်ရှိခဲ့သလို ပွဲလည်း သိပ်မကစားကြရပါဘူး။
ဒီရာသီမှာ အားကစားဒါရိုက်တာဖြစ်သူက သေချာတဲ့ ပွဲကစားခွင့်တွေအတွက် အောင်မြင်စွာ ညိနှိုင်းနိုင်စွမ်းရှိခဲ့ပါတယ်။ ဘာ့ဆဲလ်တစ်၊ ဗန်ဒုတ်တို့ဟာ ပွဲကစားခွင့်တွေရမှာဖြစ်ကာ စတုတ်စီးတီး ဘယ်တောင်ပံမှာဆိုရင် ၁၈ နှစ်သားလေး ကူးမက်စ်က အတော်လေး ခြေစွမ်းပြခွင့်ရနေပါတယ်။
နံပါတ် ၆ နဲ့ ခံစစ်မှူး နေရာအတွက် ပေါ့ဆမှု
စပိန်ကွင်းလယ်လူ ဇူဘီမန်ဒီဟာ လီဗာပူးကို ပြောင်းလာဖို့ သဘောတူခဲ့ပြီးမှ ဆိုစီဒက်ရဲ့ သွေးဆောင်မှုမှာ ပြန်ပါသွားခဲ့တယ်။ ကစားသမားထံက YES လို့ အဖြေရအောင် ရစ်ချက်ဟုချ် ကြိုးစားနိုင်ခဲ့ပေမယ့် အပြီးမသတ်နိုင်ခြင်းကြောင့် အသင်း သိက္ခာကျစရာ ကိစ္စတွေဖြစ်ခဲ့ပါတယ်။
ဂိုးမက်စ်ကို ဆက်ထိန်းသွားပေမယ့် ခံစစ်မှူးနေရာမှာ ၄ ဦးပဲ ရှိနေပါတယ်။ ပိုများလာမယ့် ချန်ပီယံလိဂ်ပွဲနဲ့ ပြည်တွင်း ပြိုင်ပွဲ ၃ ခုမှာ ခံစစ်မှူး ၄ ဦး၊ အန်ဒို တစ်ဦးတည်း ကွင်းလယ်ခံစစ်သမားစစ်စစ် ရှိတာက ရေရှည်မှာ အလုပ်ဖြစ့်ပါ့မလား ရင်မအေးရစရာပါပဲ။
ဒီနွေမှာ ဂိုးမက်စ်နဲ့ အန်ဒိုအတွက် ကမ်းလှမ်းခံရမှုတွေဟာ လီဗာပူးဘက်က သတင်းထုတ်ပေးလို့ ပြန်သိခဲ့ရတာကလွဲလို့ သတင်းထောက်တွေ ခြေရာမခံနိုင်ခဲ့ပါဘူး။ လီဗာပူး ကစားသမားခေါ်ယူရေးအဖွဲ့က အရင်လိုပဲ သိုဝှက်နေကြဆဲပါ။
ပရီးမီးယားလိဂ်ရဲ့ အတောင့်တင်းဆုံး တိုက်စစ်
ခီယေဆာကို ခေါ်ယူလိုက်ခြင်းဟာ လီဗာပူးတိုက်စစ်မှာ ရွေးချယ်စရာတွေ များသွားစေပါတယ်။ ဘယ်ခြမ်းမှာ ဂက်ပို၊ ဒီယက်ဇ်၊ အထောင်မှာ ဂျိုတာ၊ ဒါဝင်၊ ညာတောင်ပံမှာ ဆာလာ၊ ခီယေဆာလို့ အလွယ်မှတ်ယူလို့ ရပါတယ်။ အသက် ၂၆ နှစ်အရွယ် အီတလီ လက်ရွေးစင်ဟာ လိုအပ်လာရင် ဆိုဘိုစလိုင်ရဲ့ ကွင်းလယ် တိုက်စစ်မှာပါ ကစားနိုင်ပါတယ်။
အဓိက ကစားသမား ၃ ဦးရဲ့ စာချုပ်ကိစ္စ
မိုဆာလာ၊ ဗန်ဒိုက်နဲ့ ထရန့်တို့ရဲ့ စာချုပ်ကိစ္စဟာ လီဗာပူးအတွက် အတော်လေး အရေးကြီးပါတယ်။ လက်ရှိ အချိန်ထိ ဒီ ၃ ယောက်က အသင်းအတွက် မရှိမဖြစ် ကစားသမားအဆင့်မှာ ရှိနေဆဲပါ။ ရာသီအဖွင့်ပွဲ ၃ ပွဲကို အနိုင်ရရမှာ ဒီ ၃ ဦးရဲ့ ခြေစွမ်းက အဓိကကျခဲ့ပါတယ်။
မကြာခင်မှာ ရစ်ချက်ဟုချ်ဘက်က သူတို့ ၃ ဦးအပြင် ဒီယက်ဇ်ကိုပါ သက်တမ်းတိုးဖို့ ကြိုးစားမယ်လို့ အသံထွက်နေပါတယ်။ ဘာစီလိုနာ၊ ပီအက်စ်ဂျီတို့က ကိုလံဘီယာသားကို အတော်လေး စိတ်ဝင်စားပေမယ့် ပေါင် ၇၅ သန်း မရရင် လက်မခံဘူးဆိုပြီး ပြတ်ပြတ်သားသား တုန့်ပြန်ခဲ့ပါတယ်။