လီဗာပူးဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၃ အဖြစ် မဟာပြိုင်ဘက် ယူနိုက်တက်ကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ရာမှာ ပြတ်ပြတ်သားသားပဲ ၃-၀ ဖြင့် အနိုင်ရခဲ့ပါတယ်။
ဒီနေ့ပွဲမှာ လီဗာပူးအသင်းဘက်ကလည်း အနည်းငယ် စိုးရိမ်စိတ်ရှိဟန် တူပါတယ်။ ပထမပိုင်း မိနစ် ၃၀ လောက်အတွင်း အသင်းရဲ့ တိုက်စစ်ကစားပုံဟာ လိုအပ်ချက် များလွန်းခဲ့ပြီး ကွင်းလယ်နဲ့ ခံစစ်က တော်တော်လေး တောင့်တင်းလို့ အခွင့်အရေးကြီး မပေးခဲ့ရတာပါ။
စိတ်ဝင်စားစရာက တိုက်စစ်သမားတွေဟာ ယူနိုက်တက် ဘောလုံးစထွက်တဲ့ ဂိုးသမားနဲ့ ခံစစ်ကြောင်းကို ဖိအားမပေးခဲ့ကြဘဲ ကာဆီမီရိုနဲ့ မိုင်နူးတို့ရဲ့ ကွင်းလယ်အတွင်းပိုင်းကို ဦးတည်တဲ့ ဖိအားပေးမှုနဲ့ ဘောလုံးဖြတ်တောက်မှုကို လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
ကာဆီမီရိုရဲ့ မကြာခဏ အမှားတွေလုပ်မိမှုဟာ တိုက်စစ်သမားတွေနဲ့ ဆိုဘိုစလိုင်တို့ တောက်လျှောက် ဖိအားပေးတာကနေ ဖြစ်ပေါ်နေခြင်းဖြစ်သလို သူ့ရဲ့ ဘောလုံးဖြန့်မှုကိုလည်း ဂရာဗင်ဘက်ချ်က သိမ်းငှက်မျက်လုံးတွေဖြင့် လိုက်လံ ဖမ်းဆီးနေခဲ့တာ ဖြစ်ပါတယ်။
ပထမပိုင်းမှာ ရခဲ့တဲ့ သွင်းဂိုး ၂ ဂိုးလုံးဟာ ကာဆီမီရို ဘောလုံး အဖြန့်ကို လိုက်စောင့်နေတဲ့ ဂရာဗင်ဘက်ချ်ကပဲ ကြားဖြတ် ဝင်ဝင် ယူသွားခဲ့တာပါ။ နောက်ထပ် ချီးကျူးစရာက အစောပိုင်းမှာ အထနှေးနေတဲ့ ဒီယက်ဇ်၊ ဆာလာတို့ရဲ့ တိုက်စစ်ကြောင်းဟာ ရလာတဲ့ အခွင့်အရေးကို အကောင်းဆုံး ဖန်တီး အသုံးချနိုင်တာပဲ ဖြစ်ပါတယ်။
ဒုတိယပိုင်း လီဗာပူးခြေစွမ်းက သွင်းဂိုးမျှော်နေတဲ့ ပရိသတ်တွေကို အနည်းငယ် စိတ်ပျက်စေပေမယ့် ရင့်ကျက်ပြီး ထိန်းချုပ်နိုင်စွမ်းရှိတဲ့ တစ်ဆင့်မြင့်တဲ့ ကစားဟန်လို့ ညွှန်းဆိုလိုပါတယ်။
ယူနိုက်တက်နဲ့ လီဗာပူးတို့ ထိပ်တိုက်တွေ့တဲ့ပွဲတွေမှာ လူတိုင်းက တစ်ဖက်သတ် ဖိထားတာ ဆက်တိုက် ဂိုးသွင်းတာကိုပဲ မြင်လိုပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံးက အနိုင် ၃ မှတ်ပဲ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဒုတိယပိုင်းမှာ အခွင့်အရေးကြီးတွေ ရခဲ့သေးပြီး အယ်လီဆန် ကောင်းလွန်းလို့ ဂိုးမရတာပါ။
ဆလော့ဟာ အကွက်ပြတာတွေ ဘာတွေကို လုပ်မနေဘဲ အနိုင် ၃ မှတ်ကိုပဲ ထိန်းသိမ်းဖို့ အာရုံစိုက်တာဟာ ချီးကျူးရမှာဖြစ်ပါတယ်။ လက်တလောမှာ မသိသာပေမယ့် ရေရှည်မှာ ဒီလို သွေးအေးပြီး ပြတ်သားတဲ့ ဆုံးဖြတ်ချက်ဟာ အသင်းကို ဒဏ်ရာရမှု နည်းစေပြီး အောင်မြင်မှုရဲ့ လက်တစ်ကမ်းကို နီးကပ်စေပါမယ်။
နည်းပြသစ်နဲ့အတူ လီဗာပူးအသင်းဟာ ရာသီစ ၃ ပွဲကစား ၃ ပွဲနိုင် ရဂိုး ၇ ဂိုး ပေးဂိုး မရှိဖြင့် ရာသီသစ်ကို တာထွက်ကောင်းနေပြီ ဖြစ်ပါတယ်။