

အိုးထရတ်ဖိုဒ့်မှာ ယူနိုက်တက်ကို အနိုင်ရခဲ့တာက အသင်းရဲ့ ပွဲပလန်အတိုင်း ကစားနိုင်အောင် ကျော်ဖြတ်နိုင်ခဲ့တာကြောင့်လို့ အာနယ် ဆလော့က ပြောပါတယ်။
ဒီပွဲမှာ လီဗာပူးရဲ့ ပွဲချဉ်းကပ်ပုံက ရာနှုန်းပြည့် အလုပ်ဖြစ်ခဲ့ကာ ယူနိုက်တက် ကစားပုံ ဆိုးဆိုးရွားရွား ဖြစ်သွားစေတဲ့ထိ သက်ရောက်မှု ကြီးခဲ့တာ ဖြစ်ပါတယ်။ ဘယ်လို ပွဲပလန်တွေ ကြိုတင် စီစဉ်ထားခဲ့သလဲ မေးခံရချိန်မှာ အာနယ်ဆလော့က
” ပထမပိုင်း မိနစ် အနည်းငယ်မှာ ယူနိုက်တက်က တိုက်ခိုက်လိုစိတ်တွေဖြင့် ကစားခဲ့ပြီး ကျနော်တို့ ကိုယ်နည်းလမ်းအတိုင်း ကစားနိုင်အောင် ရုန်းကန် ကျော်ဖြတ်ရတဲ့ အခိုက်အတန့် ဖြစ်ခဲ့ပါတယ်။
အိုးထရတ်ဖိုဒ့်မှာ ကစားရရင် ခက်ခဲတာပါပဲ။ အဖွင့်ဂိုးကလည်း ပယ်ဖျက်ခံခဲ့ရတာကြောင့် ကောင်းကောင်း ကစားနိုင်ဖို့ ဆက်ပြီး အားထုတ်ခဲ့ရတယ်။ ထိုက်တန်တဲ့ အနိုင်ရလဒ် ရခဲ့တယ် ထင်ပါတယ်။
ခံစစ်ကနေ ဘောလုံး ဘယ်လိုစမယ်ဆိုပြီး အထူး ပွဲပလန်တွေ မလုပ်ထားခဲ့ပါဘူး။ ကျနော်တို့ ပြိုင်ဘက်ကွင်းဘယ်ခြမ်း ခပ်မြင့်မြင့် နေရာတွေမှာ ဖိအားပေးမှုတွေ အမြဲ လုပ်ပါတယ်။ ဂိမ်းပလန်က ဆိုဘိုစလိုင်ကို ပုံမှန် ညာခြမ်းကစားနေကျကနေ ဘယ်ခြမ်းမှာ အားစိုက် ကစားစေတာပါပဲ။
မနှစ်တုန်းက ယူနိုက်တက်တို့ ကွင်းလယ်မှာ တစ်ဦးချင်း လူကပ်ကစားခဲ့ပေမယ့် ဒီရာသီမှာတော့ နံပါတ် ၉ တစ်ယောက် နံပါတ် ၁၀ တစ်ယောက်နဲ့ ၄-၄-၂ ပုံစံ ကစားနေပါတယ်။ ကျနော် အမြင်မှာ သူတို့က ဘောလုံးကို ဖြတ်ကျော်ပေးနိုင်တဲ့အခါ ပိုပြေးပြီး ပိုအားထုတ်ပါတယ်။ သူတို့ကို ကျနော် အဲ့လို မြင်ပါတယ်။
ဒီနေ့ပွဲမှာ ကျနော်တို့က တိုက်စစ်ကနေ ခံစစ်ကို ပြင်းပြင်းထန်ထန် ပြန်ပြေးဆင်းကူပါတယ်။ ဒီလိုပွဲတွေကို အနိုင်ရဖို့ဆိုရင် ဒီလိုမျိုး တိုက်စစ်သမားတွေ ခံစစ်ကို စိတ်ပါလက်ပါ ကူညီတာမျိုး လိုအပ်ပါတယ် ” လို့ ရှင်းပြပါတယ်။
ဒုတိယပိုင်းမှာ မစခင်မှာ ဒီယက်ဇ်ရဲ့ ခံစစ်ကာကွယ်ရေး နှေးကွေးနေမှုကို သတိပေးခဲ့ကြောင်းနဲ့တကွ ယူနိုက်တက်က ဖိအားပေးမှုတွေမှာ အားအရမ်း ထုတ်နေကြောင်း အသင်းသားတွေကို ထောက်ပြခဲ့ကြောင်းကိုလည်း
” ယူနိုက်တက်က ဖိအားပေးမှုကို ပြင်းပြင်းထန်ထန် လုပ်နေတာကို အသင်းသားတွေကို အသိပေးခဲ့တယ်။ မာဇဝါရီ ဖောက်ထွက်သွားနိုင်တဲ့ အခိုက်အတန့်ကိုလည်း သူတို့ကို ပြခဲ့တယ်။
လူးဝစ် ဒီယက်ဇ်ကလည်း သူလုပ်သင့်သလောက် ခံစစ်ကို ပြန်ဆင်းမကူဘူး။ အိုးထရတ်ဖိုဒ့်မှာ အဲ့လို လုပ်နေရင် ပွဲအဖြေက အချိန်မရွေး ပြောင်းသွားနိုင်တယ်။ သိပ်ကောင်းတဲ့ အနိုင်ပါပဲ ” ဆိုပြီး အာနယ် ဆလော့က ရှင်းပြခဲ့တာ ဖြစ်ပါတယ်။