လီဗာပူးအသင်းဟာ ယူနိုက်တက်ကို ၃-၀ ဖြင့် ဂိုးပြတ် အနိုင်ရခဲ့တာကြောင့် ရာသီအဖွင့် ၃ ပွဲကစား ရမှတ် ၉ မှတ်ရထားသလို ဒီရာသီ ပရီးမီးယားလိဂ်မှာ ခံစစ်က ဂိုးမပေးရသေးတဲ့ တစ်သင်းတည်းသောအသင်း ဖြစ်လာပါတယ်။
ယူနိုက်တက်ပွဲအပြီးမှာ မိုဆာလာက သူ့ကို အသင်းဘက်က စာချုပ်ပေးဖို့ စကားမပြောကြောင်း ဖွင့်ဟခဲ့ပြီး ဒီရာသီဟာ သူ့ရဲ့ လီဗာပူးကစားသမားဘဝ နောက်ဆုံးနှစ်လို့ ထုတ်ပြောသွားပါတယ်။
မိုဆာလာဟာ နည်းပြဆလော့ရဲ့ စတိုင်ကို သဘောကျနေကာ လီဗာပူးအသင်းမှာ ဆက်နေလိုတဲ့ အရိပ်အယောင်မျိုး ရှိနေတယ်လို့ စကိုင်းစပေါ့ သတင်းထောက် အချို့က ထုတ်ပြောလာပါတယ်။
ကွင်းလယ်လူ ဂရာဗင်ဘက်ချ်ဟာ ကြံ့ခိုင်မှုကို ထိန်းသိမ်းနိုင်မယ်ဆိုရင် သူ့ရဲ့ နံပါတ် ၆ နေရာကို တစ်ဦးဦးက လုယူဖို့ဆိုတာ မဖြစ်နိုင်ကြောင်း ချီးကျူးခံနေရပါတယ်။
လီဗာပူးကို ရှုံးခဲ့တာဟာ ထိုက်ထိုက်တန်တန် ရှုံးခဲ့တာပါလို့ ယူနိုက်တက် နည်းပြတန်ဟက်နဲ့ အသင်းခေါင်းဆောင် ဖာနန်ဒက်စ်တို့က ပွဲအပြီး ဝန်ခံခဲ့ကြပါတယ်။
တိုက်စစ်သမားတွေရဲ့ ခံစစ်အခြေအနေမှာ အသင်းကို ကူညီပေးမှုကို ဆလော့က ချီးကျူးခဲ့ပြီး ပထမပိုင်းမှာ ဒီယက်ဇ်က အဲ့လို မလုပ်ပေးတာကြောင့် ၁၅ မိနစ် နားနေချိန်မှာ သတိပေးမှု လုပ်ခဲ့ရကြောင်း ဆလော့က ပြောပါတယ်။
အိုးထရတ်ဖိုဒ့်မှာ ကာရေဂါက မင်းတို့ ကွင်းလယ်နဲ့ ငါတို့ ကွင်းလယ် လဲချင်သေးလားလို့ ဂယ်ရီနဗီးကို ဟားတိုက်သွားပါတယ်။ နဗီးက ယူနိုက်တက် ကွင်းလယ်ဟာ လီဗာပူးထက် အပုံကြီးသာတယ်လို့ သုံးသပ်ခဲ့ဖူးတာပါ။
ပွဲအတွင်း ဆိုဘိုစလိုင်းကို ခပ်ကြမ်းကြမ်း ကိုင်တွယ်ခဲ့တဲ့ ယူနိုက်တက် ခံစစ်မှူ မာတီနက်စ်ကို ဗန်ဒိုက်က “မင်း ငါ့ကို အဲ့လို လာလုပ်စမ်းပါ ” လို့ ဒေါသထွက်စွာ စိန်ခေါ်ခဲ့ပါတယ်။
အိုးထရတ်ဖိုဒ့်ကနေ ပြန်ထွက်လာတဲ့ လီဗာပူးကစားသမားတွေကို ယူနိုက်တက် ပရိသတ်တွေက Boo လုပ် လှောင်ပြောင်ခဲ့ကြပြီး အသင်းသားတွေက ရယ်ကျဲကျဲဖြစ်ပဲ တုန့်ပြန်ပါတယ်။
Trent 😂 😂
— Anfield Sector (@AnfieldSector) September 1, 2024
နွေစျေးကွက်မှာ လူသစ်ခေါ်ယူရေးနဲ့ ကစားသမား ရောင်းထုတ်ရေးကို အဓိက အာရုံစိုက်ခဲ့တဲ့ လီဗာပူးအသင်းဟာ စက်တင်ဘာလ နိုင်ငံတကာသီတင်းပတ်ကစလို့ ဆာလာ၊ ဗန်ဒိုက်၊ ထရန့်တို့ရဲ့ စာချုပ်ကိစ္စကို စတင်သွားမယ်လို့ အသံထွက်လာပါတယ်။