ဆာလာ တောက်ပနေပြီး ပိုကောင်းလာတဲ့ ကွင်းလယ်၊ ဂန္တဝင်အခိုက်အတန့်၊ ပွဲအပြီးခင် ထပြန်ခဲ့တဲ့ ပြိုင်ဘက်ပရိသတ်များ၊ ဆလော့ ကျော်ဖြတ်နေတဲ့ ဟန်းနီးမွန်းကာလနဲ့ ယူနိုက်တက် နိုင်ပွဲမှ စကားစမြည်း ပြောစရာများ

ယူနိုက်တက်ကို အဝေးကွင်းမှာ ၃-၀ ဖြင့် အနိုင်ရအပြီး ပြောစရာ အချို့ကို LFCThaDin ဖတ်ရှုသူတွေနဲ့ စကားစမြည်းလေး လုပ်သွားမှာပါ။

ပွဲအတွင်း တိုးတက်သွားတဲ့ တိုက်စစ်သမားများ

ယူနိုက်တက်ကို ရင်ဆိုင်တဲ့ပွဲမှာ လီဗာပူးအသင်းရဲ့ တိုက်စစ်က ကနဦးပိုင်းမှာ တွဲဘက်ကစားနိုင်စွမ်း အားနည်းပြီး ယူနိုက်တက်ရဲ့ တရစပ် ဖိအားပေးမှုအောက်မှာ ဟန်ချက်တွေ ပျက်နေပါတယ်။ ဒီယက်ဇ်ရဲ့ နှေးလွန်းနေမှုတွေဟာ အသင်းရဲ့ တိုက်စစ်က သိပ်မမြိုင်ခဲ့ပါဘူး။

ဒါပေမယ့် ဒီတိုက်စစ်သမားတွေဟာ ဘာမှမဟုတ်တဲ့ အခြေအနေကို တစ်ခုခုဆိုတာမျိုး ဖြစ်လာအောင် လုပ်ပြနိုင်သူတွေပါ။ ပွဲအတွင်းမှာပဲ သူတို့ရဲ့ တွဲဘက်မှုတွေက ဟန်ချက်ပြန်ညီလာပြီး သေချာတဲ့ အခွင့်အရေးတွေကို သေချာစွာ အသုံးချသွားခဲ့ကြပါတယ်။

ကွင်းလယ် ဂိမ်းပလန် အပြောင်းအလဲ

ယူနိုက်တက်ကို ရင်ဆိုင်ရာမှာ လီဗာပူးကွင်းလယ်မှာ ဆိုဘိုစလိုင်က ထူးထူးခြားခြားအဖြစ် ဘယ်ခြမ်းကို ယိုင်ကစားခဲ့ပါတယ်။ ဂရာဗင်ဘက်ချ်နဲ့ မာကာ ကွင်းလယ်အတွဲမှာ ဂရာဗင်ဘက်ချ်က ကွင်းလယ်လုပ်ပိုင်ခွင့် တိတိကျကျရှိထားပါတယ်။

လီဗာပူးကွင်းလယ်ဟာ နံပါတ် ၆ နှစ်ဦးတန်း ပုံစံမှာ အတော်လေး ဟန်ချက်ညီနေပြီး လှုပ်အားနှုန်း ဖိအားပေးနှုန်းတွေက ကြောက်ဖို့ကောင်းအောင်ကို မြိုင်လွန်းပါတယ်။ ဆိုဘိုစလိုင် အကောင်းဆုံး ခြေစွမ်းတွေကို ပြန်ရနေကာ ပိတ်သွင်းချက် အချို့မှာ ရူးမိုက်ခဲ့တာကလွဲလို့ ပြည့်စုံခဲ့တဲ့ ခြေစွမ်းပဲဖြစ်ပါလိမ့်မယ်။

အစွန်သမား နှစ်ဦးက တောင်ပံထိ မတက်တော့ဘဲ ကွင်းလယ်ကို ပိုဝင်ကစားကူတာကြောင့်လည်း ဂရာဗင်ဘက်ချ်ဟာ ကွင်းလယ်မှာ ဆိုဘိုစလိုင်နဲ့ ယှဉ်ပြီး အတော်ကစားခွင့်ရခဲ့တာကို တွေ့ရပါတယ်။ ယူနိုက်တက် ကွင်းလယ်ကနေ ဘောလုံးမထွက်ဖို့ ဆက်တိုက် လိုက်ထောက်ခဲ့တာဟာ အခွင့်အရေး မယ်မယ်ရရကို မပေးရသလောက်ပါပဲ။

ဂန္တဝင်အခိုက်အတန့်

Old School တွေတော့ သိကြမှာပါ။ ၂၀၀၇-၂၀၀၈ ဘောလုံးရာသီ အိုးထရတ်ဖိုဒ့်မှာ တောရက်စ်၊ ဂျရတ် အတွဲဖြင့် ပွဲကြမ်းခဲ့စဉ် ဂျရတ်က သွင်းဂိုးအတွက် ကင်မရာကို ပြေးနမ်းပြီး အောင်ပွဲခံခဲ့ပါတယ်။ ဒါပေမယ့် ရာသီကုန်မှာ ဒုတိယပဲ ရခဲ့ပါတယ်။

၂၀၁၃-၂၀၁၄ ဘောလုံးရာသီမှာတော့ ဆုဖလားကို ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်နိုင်အောင်ဆိုပြီး ဂျရတ်က အိုးထရတ်ဖိုဒ့်မှာ ဂိုးသွင်းတော့ ကင်မရာကို လက်နဲ့ကိုင်ပြီး အနမ်းပေးခဲ့ပါတယ်။

မနေ့က ယူနိုက်တက်ပွဲမှာ ထရန့်ကလည်း သူ့ရဲ့ ဂိုးအတွက် ကင်မရာကို လက်နဲ့ကိုင်ပြီး အနမ်းချွေခဲ့ပါတယ်။ ဒါပေမယ့် ပယ်ဖျက်ခံလိုက်ရတယ်။ ဂျရတ် အသင်းပေါ် သစ္စာရှိခဲ့သလို ထရန့်ကလည်း အသင်းမှာ ဆက်နေဖို့ ရွေးချယ်စေဖို့ မျှော်လင့်ရင်း လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကို ပြန်လွမ်းစရာ အခိုက်အတန့် တစ်ခုကို ပရိသတ်တွေ ခံစားမိခဲ့ကြပါလိမ့်မယ်။

ယာဂင်ကလော့ပ် လက်ထက်တုန်းက မကြာခဏ ပွဲမပြီးခင် အိုးထရတ်ဖိုဒ့်ကနေ ထပြန်ခဲ့ကြတဲ့ သရဲနီပရိသတ်တွေဟာ အာနယ် ဆလော့ လက်ထက်မှာလည်း ဒုတိယပိုင်း ပွဲမပြီးခင်မှာတင် ကွင်းပြင်ကို ထွက်ခွာသွားကြပြီး သူတို့အသင်းပေါ် စိတ်ပျက်ကြောင်းကို ပြသခဲ့ကြပါတယ်။

ဆာလာ မပါရင် လီဗာပူး ဒုက္ခများနိုင်လား

လီဗာပူး ကစားဟန်ရဲ့ ပင်မအသက်ထဲမှာ ဆာလာလည်း ပါဝင်ပါတယ်။ သူဟာ မနှစ်ကစလို့ ဖန်တီးရှင်နေရာကို ပိုယူလာခဲ့ရာမှာ ဆလော့ လက်ထက်မှာလည်း သူ့ရဲ့ ဖန်တီးမှုတွေကို အားကိုးနေရတာပါ။

အဆုံးသတ်မှုတွေ၊ နေရာယူမှုတွေမှာ ဒီယက်ဇ် ထူးချွန်ခဲ့သလို သူ့အတွက် ဆာလာရဲ့ ဖန်တီးပေးမှုတွေကလည်း ခူးခပ်စားရုံ အခြေအနေမျိုးထိ ကောင်းမွန်ပါတယ်။ စာချုပ် ၁ နှစ်ပဲ ကျန်တော့တဲ့ ဆာလာကို လီဗာပူးဘက်က သက်တမ်းမတိုးဘူးဆိုရင် တော်တော်လေး နောင်တရရမယ့် ကိစ္စ ဖြစ်လာပါလိမ့်မယ်။

အယ်လီဆန်ရဲ့ ကူညီပေးမှု

ပွဲအပြီးမှာ လီဗာပူးက ဂိုးပြတ် အနိုင်ရခဲ့တယ်ဆိုပေမယ့် ပွဲချိန်တွင်းမှာ အယ်လီဆန်ရဲ့ ကူညီမှုကြောင့် မဟုတ်ရင် လီဗာပူးအသင်း အထိနာသွားမယ့် အခိုက်အတန့်တွေ ရှိခဲ့ပါတယ်။ ဒါမျိုးကို ပြီးခဲ့တဲ့ ဘရန့်ဖိုဒ့်ပွဲမှာလည်း မြင်ခဲ့ဖူးပါတယ်။

အပိုင်လို့ ပြောရမယ့် အခိုက်အတန့်တွေကို အယ်လီဆန် ကာကွယ်ပေးနေပြီး ယူနိုက်တက် တိုက်စစ်သမား ဇက်ဇီးဂိုးရလု အခိုက်အတန့် ၂ ကြိမ်ဟာ ဘရာဇီးသားရဲ့ ကာကွယ်မှုကြောင့် ဂိုးမပေးခဲ့ရတာဖြစ်ပါတယ်။

ရာနှုန်းပြည့် တာထွက်ကောင်းမှု

၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ခီယေဆာ တစ်ဦးတည်း ခေါ်ထားတဲ့ လီဗာပူးအသင်းဟာ ၃ ပွဲလုံးမှာ ပေးဂိုး မရှိသေးသလို ရာနှုန်းပြည့် နိုင်ပွဲကို ပိုင်ဆိုင်ထားပါပြီ။ ဒါပေမယ့်လို့ လက်ရှိ ကာလဟာ ဟန်းနီးမွန်းကာလပဲ ဖြစ်ပါတယ်။

ကလော့ပ် လက်ထက် အထိုင်ကျနေတဲ့ လူစာရင်းကို ဆလော့က နည်းစနစ်ပိုင်း နည်းနည်းလေး ပြင်ဆင်ပြီး ရလဒ်ကောင်းတွေ ဆက်ယူနေတဲ့ အခြေအနေဖြစ်ပါတယ်။ ပိုခက်ခဲနိုင်တဲ့ ပိုကြမ်းတမ်းမယ့် ကာလတွေက ရှေ့မှာ စောင့်ကြိုနေဦးမှာပါ။

တစ်ရာသီ ပွဲပေါင်း ၇၀ လောက် ကစားရမှာမို့ ဒီကစားသမားတွေ ကြံ့ခိုင်မှု ကောင်းအောင် လုပ်ပေးနိုင်ပြီး ပွဲကြပ်ကာလကို ဖောက်ထွက်ပြနိုင်မှပဲ အသင်းဟာ ရာသီကုန်ရင် တစ်ခုခု အောင်မြင်ဖို့ မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။