အိုးထရတ်ဖိုဒ့်မှာ ယူနိုက်တက်ကို ၃-၀ ဖြင့် အနိုင်ရခဲ့စဉ် ဂိုးထပ်သွင်းနိုင်မယ့် အနေအထားမှာ ဆိုဘိုစလိုင်ရဲ့ အပြုအမှုက ပရော်ဖက်ရှင်နယ် မဆန်ဘူးလို့ ဂယ်ရီနဗီးက ဒေါသကြီးစွာဖြင့် ဝေဖန်လိုက်ပါတယ်။
ဒုတိယပိုင်းအတွင်း ပင်နယ်တီဧရိယာအတွင်း ရှင်းလင်းလှတဲ့ အနီးကပ် အခြေအနေမှာ ဆိုဘိုစလိုင်က လွယ်လွယ်ကူကူ ပိတ်သွင်းရမယ့်အစား အတွေးများပြီး ဘောလုံးကို ပြန်ခေါက်ခဲ့ရာက အခွင့်အရေးကောင်း လက်လွတ်ခဲ့ရတာပါ။
အဆိုပါ အခွင့်အရေးဟာ လီဗာပူးအတွက် စတုတ္ထသွင်းဂိုး ဖြစ်လုအနေအထား ဖြစ်ခဲ့ကာ ဘာလို့ ဆိုဘိုစလိုင် တွေဝေခဲ့တာလဲဆိုတာက ဘောလုံးသုံးသပ်သူတွေကြား အငြင်းပွားစရာ ဖြစ်ခဲ့ပါတယ်။
စကိုင်းစပေါ့ အစီအစဉ် တင်ဆက်သူ နှစ်ဦးထဲက ကာရေဂါက ဆိုဘိုစလိုင်ရဲ့ လုပ်ရပ်ကို ” တကယ့် ဗရုတ်” လို့ မှတ်ချက်ပေးခဲ့ကာ ဂယ်ရီနဗီးကတော့ သူ့အသင်းဟောင်းကို ပျော်သလို ကစားနေတဲ့ ဟန်ဂေရီသားရဲ့ လုပ်ရပ်အတွက် ဒေါသထွက်နေခဲ့ပါတယ်။
ဆိုဘိုစလိုင်ရဲ့ အပျော်ကျူးတဲ့ အပြုအမှုဟာ အသင်းဖော်တွေထံက ဝေဖန်ပြစ်တင်ခြင်း ခံရသင့်တယ်လို့ နဗီးက မှတ်ချက်ပေးသလို “ပရော်ဖက်ရှင်နယ် မဆန်သူ”၊ “ယုံကြည်မှု လွန်းကဲလွန်းနေသူ ” စသဖြင့်လည်း ဝေဖန်ခဲ့ပါတယ်။
ဆိုဘိုစလိုင်ရဲ့ အပြုအမှုဟာ လီဗာပူးပရိသတ်တွေကြားမှာလည်း ဝေခွဲရခက်ခဲနေခဲ့ပြီး သူက အိုနာနာကို သနားသွားတာလား? ဂိုးအရမ်းပြတ်ရင် နည်းပြတန်ဟက်ကို ရာထူးက ဖြုတ်မှာ စိုးရိမ်စိတ်ရှိခြင်းလား? စသဖြင့် မှတ်ချက်တွေ ပေးနေကြတာ ဖြစ်ပါတယ်။