အီတလီလူစာရင်းကနေ နှုတ်ထွက်ထားတဲ့ ခီယေဆာနဲ့ ပတ်သက်လို့ လီဗာပူးရဲ့ လေ့ကျင့်ရေး ပလန်

လီဗာပူးအသင်းဟာ ဂျူဗင်တပ်ကနေ တိုက်စစ်သမား ခီယေဆာကို ခေါ်ယူထားပေမယ့် ခပ်မြန်မြန် ပွဲနေ့ လူစာရင်းထဲ ထည့်သွင်းဖွယ် မရှိသေးပါဘူး။

စက်တင်ဘာလ နိုင်ငံတကာသီတင်းပတ်မှာ လူစာရင်းက ထုတ်ပေးဖို့ တိုက်စစ်သမားရဲ့ တောင်းဆိုမှုကိုလည်း အီတလီနည်းပြက လက်ခံသွားခဲ့တယ်။ ဒါက ကစားသမားအတွက် အကောင်းဆုံးဖြစ်မယ့် ကိစ္စလို့ အီတလီနည်းပြက မီဒီယာကနေ ထုတ်ပြောပါတယ်။

“ ကျနော်နဲ့ ခီယေဆာတို့ စကားပြောခဲ့ပြီး အကောင်းဆုံးဖြစ်မှာကို စဉ်းစားခဲ့ကြတယ်။ ကျနော်က သူ့ကို အပိုကစားသမားအနေနဲ့ ခေါ်မှာဖြစ်သလို ပွဲတွေမှာ ထည့်သုံးဖို့လည်း မရှိပါဘူး။

ခီယေဆာကလည်း သူနဲ့ သူ့အသင်းသစ်ကြား စကားပြောဆိုမှုတွေ လုပ်ထားပြီး အဲ့မှာ အထူးပြင်ဆင်မှု အလုပ်တွေ လုပ်ဆောင်ဖို့ လိုအပ်နေကြောင်း ကျနော်ကို အသိပေးခဲ့ပါတယ် ” လို့ စပယ်လက်တီက အီတလီမီဒီယာတွေကို ပြောပါတယ်။

ခီယေဆာကို ယူနိုက်တက်ပွဲမှာ နာမည်စာရင်း သွင်းခွင့်ရပေမယ့် လီဗာပူးက အလျင်စလို မလုပ်ခဲ့ပါဘူး။ ကစားသမားဟာ ဂျူဗင်တပ်မှာ လေ့ကျင့်ရေးဝင်ခွင့် မရတာ ၂ ပတ်ရှိနေပြီမို့ ပွဲနေ့ ကြံ့ခိုင်မှုမျိုး ပြန်ရနေအောင် အသင်းဘက်က စီစဉ်ပေးရမှာပါ။

ပရီးမီးယားလိဂ် ကစားသမားဘဝ ကနဦး ကာလမှာ ခီယေဆာကို လေ့ကျင့်ရေးမှာ အကောင်းဆုံး စွမ်းဆောင်ရည် ပြန်ရဖို့ထိ အချိန်ယူ တည်ဆောက်ပေးဖို့ ပြင်ဆင်ထားကြောင်း နည်းပြဆလော့က အတည်ပြုထားပါတယ်။

စက်တင်ဘာလ ၁၄ ရက်နေ့ အန်ဖီးမှာ ယှဉ်ပြိုင်ရမယ့် ဖောရက်စ်နဲ့ပွဲမှာ ခီယေဆာကို ကစားသမားသစ်အဖြစ် မိတ်ဆက်မှု ပြုလုပ်ပေးဖွယ်ရှိပြီး သူ့ရဲ့ ပထမဆုံး ပွဲထွက်ကိုတော့ အလောတကြီး ထလုပ်ပေးသွားဖို့ မရှိသေးပါဘူး။