လီဗာပူးရဲ့ စိန်ခေါ်နိုင်စွမ်းကို လျော့တွက်နေကြလို့ သတိပေးမှု လုပ််လာတဲ့ သရဲနီဟောင်း ပေါစခိုး

စက်တင်ဘာလ နိုင်ငံတကာသီတင်းပတ်အတွင်း မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ်ကို ပူးတွဲဦးဆောင်နေတဲ့ လီဗာပူးဟာ ဖလားစိန်ခေါ်နိုင်မယ့် အသင်းအဖြစ် မြင်လို့ရပါကြောင်း ကစားသမားဟောင်းတွေက ဆွေးနွေးလာပါတယ်။

ရုပ်သံအစီအစဉ်မှာ သုံးသပ်သူတွေအဖြစ် အတူ တက်ရောက်ခဲ့တဲ့ အိုဝင်နဲ့ ပေါစခိုးတို့က လီဗာပူးဟာ လျော့တွက်ထားဖို့ မသင့်တဲ့ အသင်းဖြစ်ကြောင်း အခုလိုတွေ ပြောလာကြတာပါ။

မိုင်ကယ်အိုဝင်က ” ဒီရာသီ မန်စီးတီးကို အဓိက ခြိမ်းခြောက်မယ့် အသင်းတွေကို ပြောပါဆိုရင် လီဗာပူးနဲ့ အာဆင်နယ် ၂ သင်းပဲ ရှိတယ်လို့ ဂွာဒီယိုလာ ပြောမှာပဲ။ ဒါတောင် လီဗာပူးက နည်းပြပြောင်းထားလို့ စောင့်ကြည့်နေကြရတဲ့အသင်း။

ဒါပေမယ့် ပရီးမီးယားလိဂ် ၃ ပွဲ ပြီးသွားတော့ ဒီစောင့်ကြည့်ရပါတယ်ဆိုတဲ့ လီဗာပူးက လုံးဝ အမိုက်စားတွေ လုပ်ပြနေပြီနော်။ လီဗာပူးကို ရပ်ဖို့ဆိုရင် ရှယ်ကောင်းတဲ့ အသင်းမှပဲ ရလိမ့်မယ်။ သူတို့က ယူနိုက်တက်ကိုလည်း အမှုန့်ချေလာခဲ့တာ ” ဆိုပြီး သုံးသပ်လိုက်ပါတယ်။

သူ့အသင်းဟောင်းကို ပယ်ပယ်နယ်နယ် ဒုက္ခပေးသွားပြီး ဒီရာသီ ရာနှုန်းပြည့် နိုင်ပွဲ ဆက်ယူခဲ့တဲ့ လီဗာပူးဟာ နည်းပြအပြောင်းအလဲမှာ ယိုင်မသွားဘဲ အခြေခိုင်နေဆဲလို့ ပေါစခိုးက မြင်ပါတယ်။

” ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို လီဗာပူးအသင်းက စိန်ခေါ်နိုင်စွမ်း ရှိနေတယ်နော်။ ရာသီမစခင်တုန်းကတော့ ဒီတစ်ကြိမ်တော့ အာဆင်နယ်နှစ်ဖြစ်မယ်လို့ ငါထင်ခဲ့တာ၊ သူတို့ မဟုတ်လည်း မန်စီးတီးအသင်းပဲ ၅ ရာသီဆက် ချန်ပီယံဖြစ်မယ်ပေါ့။

ဒါပေမယ့် ဒီရာသီ ၃ ပွဲကစားတာ မြင်ပြီးတဲ့နောက်မှာ လီဗာပူးက အာဆင်နယ်ကို ကျော်တက်သွားနိုင်တယ်လို့ ငါထင်လာတယ်။ ပြီးခဲ့တဲ့ ရာသီတုန်းကလည်း ဇယားထိပ်မှာ လီဗာပူးအသင်း အချိန်အကြာကြီး ဦးဆောင်နေခဲ့သေးတာပါ။ ရာသီနှောင်းပိုင်း သူတို့ ကျဆင်းသွားလို့တာ။

အခု လူစာရင်းကို သူတို့ ထိန်းထားနိုင်မယ် ဒဏ်ရာ ပြဿနာလည်း ကင်းမယ်ဆိုရင် လီဗာပူးကမှ မန်စီးတီးကို တကယ်ကြီး စိန်ခေါ်မယ့် အဓိက ပြိုင်ဘက်ဖြစ်လာမှာ။ ငါကတော့ ဒါကို သံသယမရှိဘူး ” လို့ ပေါစခိုးက မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။