ပျင်းရိသူဆိုတဲ့ ဝေဖန်ချက်တွေကနေ ဖောက်ထွက်ပြီး ဂရာဗင်ဘက်ချ် တစ်ကျော့ပြန် မွေးဖွားလာကြောင်း ကိုးမန်း ရှင်းပြ

နိုင်ငံခြားသတင်းဆိုဒ်တွေရဲ့ ပွဲရှာထားတဲ့ caption ကစာကို ဖတ်မိပြီး ဂရာဗင်ဘက်ချ်ကို ကိုးမန်း သဘောမကျဘူးလို့ ဒီမနက် နံနက်ခင်း သတင်းတိုအတွင်း မှားပြီး ဖော်ပြမိခဲ့ပါတယ်။

ကိုးမန်းရဲ့ အင်တာဗျူးကို ပြန်ရှာဖတ်ကြည့်တော့မှ ဒတ်ချ်နည်းပြ ပြောဆိုတာက အဲ့လို သဘောထား မဟုတ်တာကို တွေ့ခဲ့ရပါတယ်။ ဒါကြောင့် သတင်း အပြည့်အစုံကို LFCThaDin ဖတ်ရှုသူတွေကို ဖော်ပြပေးသွားပါမယ်။

ဒီရာသီ ပရီးမီးယားလိဂ်မှာ လီဗာပူးနဲ့အတူ တာထွက်ကောင်းနေတဲ့ ဂရာဗင်ဘက်ချ်ဟာ နယ်သာလန်အသင်းမှာ ဗန်ဒိုက်၊ ဂက်ပိုတို့နဲ့အတူ ရွေးချယ်ခံခဲ့ရပါတယ်။ ယူရိုမှာ နေရာမရခဲ့ပေမယ့် ဂရာဗင်ဘက်ချ်ဟာ သူ့အလားအလာတွေ စပြလာနိုင်ပါတယ်။

“ ယူနိုက်တက်ကို ရင်ဆိုင်တဲ့ပွဲမှာ ရိုင်ယန် (ဂရာဗင်ဘက်ချ်)ကစားတာ ကောင်းပါတယ်။ သူ ရှေ့ခြေတစ်လှမ်း တိုးလာနိုင်တယ်ဆိုတာလည်း ရှင်းပါတယ်။ အခွင့်အရေးရချိန်မှာ လက်နှစ်ဘက်နဲ့ ပိုင်ပိုင်နိုင်နိုင် ဖမ်းဆုပ်ခဲ့တယ်။

ကျနော်တို့က နယ်သာလန် အနာဂတ်အတွက် လူငယ် မျိုးဆက်သစ်တွေထဲကနေ ဆက်တိုက် ရွေးချယ်နေပြီး ဂရာဗင်ဘက်ချ်လည်း သူတို့ထဲက တစ်ဦးပါပဲ ” လို့ နယ်သာလန်နည်းပြ ကိုးမန်းက ရှင်းပြပါတယ်။

အရင်တုန်းကတော့ ဂရာဗင်ဘက်ချ်ဟာ လေးပြီး ပျင်းရိတယ်ဆိုတဲ့ ထင်မြင်ချက်တွေဟာ အတော်လေး များခဲ့ပါတယ်။ အခုချိန်မှာတော့ ဂရာဗင်ဘက်ချ် ဘာလုပ်နိုင်လဲ လူတွေ မြင်လာနေကြပါပြီ။ ဒီအကြောင်းကိုလည်း ကိုးမန်းက

“ ရိုင်ယန်တစ်ယောက် ယုံကြည်မှုတွေ စရနေပြီ ပြောရမှာပေါ့။ ရာသီကြိုမှာ သူက အခြားသူတွေထက် နားချိန် ပိုနည်းခဲ့ပြီး ရာသီသစ်ကို ခပ်စောစော ပြန်ဝင်ခဲ့ပါတယ်။ အခုတော့ သူ့တန်ဖိုးကို နားလည်လာကြပြီလေ ရိုင်ယန်မှာ အလားအလာတွေ အများကြီးရှိတာ ကျနော်တို့ သိပါတယ်။

ကျနော် အပါအဝင် လူတွေ အများကြီးက ရိုင်ယန်ဟာ အာရုံစူးစိုက်မှုပိုင်းမှာ အားနည်းပြီး နှေးကွေးတယ် ထင်ကြပေမယ့် သူတိုးတက်လာနိုင်တာကိုလည်း သိပါတယ်။ ငယ်ရွယ်တုန်းမှာ ဒါကို ပြောင်းလဲဖို့ လွယ်ပါတယ်။

ပရီးမီးယားလိဂ်မှာ လီဗာပူးကွင်းလယ်အတွက် ကစားပေးဖို့ဆိုရင် ဒါကို ပြင်ဆင်နိုင်ရမယ်ဆိုတာ သူ နားလည်လာနေပါပြီ။ ကစားသမားတစ်ယောက်ကို အခွင့်အရေးနဲ့ ယုံကြည်မှုပေးရင် သူက မှန်ကန်တဲ့ လမ်းကြောင်းကို ရောက်လာနိုင်ပါတယ် ” လို့ ဆိုသွားတာဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ် ကွင်းလယ်လူဟာ လီဗာပူးကစားသမားဘဝ နှေးကွေးတဲ့ စတင်ခြင်းဖြစ်ခဲ့ပေမယ့် ဆလော့၊ ကိုးမန်းတို့လို ဒတ်ချ်လူမျိုး နည်းပြတွေရဲ့ နေရာပေးမှုတွေနဲ့အတူ တောက်ပလာဖို့ မျှော်လင့်ရတာ ဖြစ်ပါတယ်။