ဘာစီလိုနာနဲ့ သတင်းကြီးထွက်ခဲ့တဲ့ ဒီယက်ဇ်ကို စာချုပ်သစ်ပေးဖို့ လီဗာပူးဘက်က စီစဉ်နေ

ဒီနွေအပြောင်းအရွှေ့မှာ ဘာစီလိုနာထံက ကမ်းလှမ်းမှုရမယ်လို့ သတင်းကြီးတွေ ရှိခဲ့တဲ့ လူးဝစ် ဒီယက်ဇ်ကို လီဗာပူးဘက်က စာချုပ်သစ်ပေးဖို့ စီစဉ်နေကြောင်း အသံထွက်လာပါတယ်။

နွေစျေးကွက်အတွင်း ကစားသမားရဲ့ အေးဂျင့်ဟာ ဘာစီလိုနာ ဥက္ကဋ္ဌ လာပေါ်တာနဲ့ တွေ့ဆုံခဲ့ကြောင်းကို ကိုလံဘီယာသတင်းစာတွေက ဖော်ထုတ်ခဲ့ပါတယ်။

နောက်ဆက်တွဲအဖြစ် အေးဂျင့်ဖြစ်သူက ဒီယက်ဇ်ကို လီဗာပူးကနေ ခေါ်ထုတ်လိုရင် ပြောင်းရွှေ့ကြေး ယူရို သန်း ၁၂၀-၁၄၀ ကြား တောင်းဆိုလိမ့်မယ်လို့ ထုတ်ပြောခဲ့သေးတာ ဖြစ်ပါတယ်။

ဒီယက်ဇ်အထွက်မှာ နယူးကာဆယ်ကနေ ဂေါ်ဒန်ကို လီဗာပူး ပြန်ခေါ်မယ်လို့ ရေပန်းစားခဲ့ပေမယ့် ဘာစီလိုနာဟာ ဒီယက်ဇ်ရဲ့ ပြောင်းရွှေ့ကြေးကို ပေးနိုင်မယ့် အင်အားမျိုး မရှိခဲ့တာကြောင့် အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့ပါဘူး။

နည်းပြသစ် အာနယ်ဆလော့ဟာ ဒီယက်ဇ်ရဲ့ စွမ်းဆောင်ရည်ကို သဘောကျနှစ်သက်မှု ရှိနေတယ်။ ဒါကြောင့်ပဲ တိုက်စစ်သမား ၆ ဦးထိ ပိုင်ဆိုင်ထားတဲ့ လီဗာပူးအသင်းရဲ့ ဘယ်ခြမ်းမှာ ဒီယက်ဇ်ကို အဓိက ကစားသမားအဖြစ် ပွဲထုတ်နေပါတယ်။

၂၀၂၂ ဇန်နဝါရီမှာ ပေါ်တိုကနေ လီဗာပူးအသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၃၇ သန်းနဲ့ ရောက်လာခဲ့တဲ့ အသက် ၂၇ နှစ်အရွယ် တိုက်စစ်သမားဟာ အသင်းနဲ့ ၂၀၂၇ ခုနှစ်ထိ စာချုပ်ရှိထားသူ ဖြစ်ပါတယ်။

ဒီယက်ဇ်ရဲ့ တစ်ပတ်လုပ်ခဟာ ပေါင် ၅၅၀၀၀ ဝန်းကျင်လို့ သိထားရပြီး ဒီတစ်ကြိမ် သက်တမ်းတိုးရင် ပိုများတဲ့ ခံစားခွင့်တွေ ပါဝင်သွားမှာပါ။ လီဗာပူးအသင်းဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ လုပ်ခ ပေးချေမှု အမြင့်ဆုံး ထိပ်ဆုံး ၅ သင်းထဲက ၁ သင်းဖြစ်ပါတယ်။