ကလော့ပ်လက်ထက်ကနဲ့မတူ ကွဲပြားတဲ့ ကွင်းလယ် ဝင်ရိုးကို ရှာဖွေတွေ့နေတဲ့ အာနယ် ဆလော့

ယာဂင်ကလော့ပ် နေရာ ဆက်ခံသူ နယ်သာလန်သား နည်းပြ အာနယ် ဆလော့ဟာ တူညီတဲ့ လူစာရင်းကိုမှ နေရာချပုံ အပြောင်းအလဲနဲ့အတူ ကောင်းမွန်တဲ့ စနစ် တစ်ခုကို ခပ်မြန်မြန် ရှာဖွေထားနိုင်ပါတယ်။

အာနယ် ဆလော့ဟာ နည်းပြကြီးကလော့ပ် ထားခဲ့တဲ့ လူစာရင်းကိုပဲ အဓိက ကိုင်တွယ်ရာမှာ အပြောင်းအလဲ အချို့ လုပ်ဆောင်ထားတယ်။ ဒီရာသီ လီဗာပူးအသင်း စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခြင်းမှာ အဓိက ထောက်တိုင်ကတော့ ဆိုဘိုစလိုင်၊ ဂရာဗင်ဘက်ချ်နဲ့ မက်ကယ်လစ္စတာတို့ရဲ့ ကွင်းလယ်အတွဲပဲဖြစ်ပါတယ်။

လက်ရှိ အချိန်ထိ ဒီ ၃ ဦးကိုပဲ ပင်တိုင်ထားနေသလို ပြိုင်ဘက်အပေါ် မူတည်ပြီး ကွင်းလယ်အထိုင်က နေရာယူပုံ အနည်းငယ် ပြောင်းလဲလေ့ရှိပါတယ်။ ဥပမာပြောရရင် အစ်ဝစ်ချ်ပွဲမှာ နံပါတ် ၆ အထိုင်မှာ ပိုမို မြင်ခဲ့ရတဲ့ ဆိုဘိုဟာ ဘရန့်ဖိုဒ့်ပွဲမှာ နံပါတ် ၁၀ နေရာကို ပိုတက်ကစားခဲ့ပြီး ယူနိုက်တက်ပွဲမှာတော့ ဘယ်ခြမ်းကို ပိုယိုင်ကစားသွားပါတယ်။

မန်ချက်စတာ ယူနိုက်တက်ပွဲမှာဆိုရင် တန်ဟက်က ၄-၄-၂ ပုံစံကို ကစားနေပြီး ဖိအားပေးမှုမှာ တိုက်စစ်သမား ၂ ယောက်ကို သုံးကြောင်း၊ အစွန်သမား ၂ ဦးကို ရှေ့တက်စေကာ ပြိုင်ဘက်က သူတို့ကို ကျော်ဖြတ်ပြေးရင် ယူနိုက်တက် တစ်သင်းလုံး ခပ်သွက်သွက် အလုပ်လုပ်တတ်တာကို မြင်မိတယ်လို့ ဆလော့က ပြောပါတယ်။

ပွဲအတွက် ဆလော့ ပြင်ဆင်ခဲ့တဲ့ ပလန်က ဆိုဘိုစလိုင်ကို ဘယ်ခြမ်း ယိမ်းစေပြီး ဂရာဗင်ဘက်ချ်နဲ့ မာကာကို double pivot အဖြစ် သုံးဖို့ပါလို့ ထုတ်ပြောခဲ့ပါတယ်။ နောက်ထပ် ထပ်ကွန့်လိုက်တာက ဒီယက်ဇ်နဲ့ ဆာလာကို ပြိုင်ဘက် အစွန်သမားတွေ တွန့်သွားအောင် လုပ်စေတာပါ။

ကာဆီမီရိုနဲ့ မိုင်နူးကို ဖိထားနိုင်ဖို့ ကွင်းလယ်လူတွေကို လိုက်ဖိုက်စေပြီး ဘောလုံးရအောင် ယူဖို့ ကြံခဲ့တယ် ဆလော့က ရှင်းပြပါတယ်။ လီဗာပူးကွင်းလယ်က ယူနိုက်တက် ကွင်းလယ်ကို ဘယ်လိုတွေ လိုက်ဖိုက်ခဲ့လဲကတော့ ဟိုက်လိုက်တွေမှာ မြင်ကြပါလိမ့်မယ်။

နည်းပြကလော့ပ်က ၄-၃-၃ အထိုင်ကို ပင်တိုင်သုံးပြီး ပြိုင်ဘက်အခြေအနေပေါ် မူတည်ပြီး အပြောင်းအလဲ အနည်းငယ် လုပ်တာကလွဲလို့ ကွင်းလယ်မှာ နံပါတ် ၆ သမားတစ်ဦးနဲ့ နံပါတ် ၈ သမား နှစ်ဦး ထားကာ သူတို့အတွက် သတ်မှတ်ထားတဲ့ နေရာမှာပဲ ကစားစေဖို့ ကန့်သတ်ပေးထားပါတယ်။

ကွင်းလယ်အတွင်းပိုင်းမှာ နံပါတ် ၆ သမား တစ်ဦးတည်းရှိတာကြောင့်လည်း ကွင်းလယ်က လည်ပတ်ကစားနိုင်စွမ်း နည်းပါးပါတယ်။ အတွင်းမှာ မာကာတစ်ဦးတည်း ရှိတတ်ပြီး နံပါတ် ၈ သမား နှစ်ဦးက သူတို့ တာဝန်ယူထားတဲ့ ဘယ်ခြမ်းနဲ့ ညာခြမ်းမှာပဲ အဓိက အလှုပ်ကစားတာ များပါတယ်။

ဆလော့ကတော့ သူ့လူစာရင်းနဲ့ ကစားဟန်ဟာ အရင်အတိုင်း (ကလော့ပ်အတိုင်း) မကွဲပြားပါဘူးလို့ ပြောပေမယ့် အထိုင်မှာ ၂ ဦးထားပြီး ရှေ့မှာ တစ်ဦးထားတဲ့ ပုံစံ ပြောင်းလဲလိုက်ပါတယ်။

ဆလော့ရဲ့ ကွင်းလယ် အတွင်းလူ နှစ်ယောက်တန်းနေရာမှာ ဂရာဗင်ဘက်ချ်နဲ့ တွဲကစားရတာက မနှစ်ကထက်စာရင် မာကာကို ပိုပြီး သက်သောင့်သက်သာ ရှိမှုကို ပေးပါတယ်။ မာကာက ဘရိုက်တန်မှာလည်း ကိုင်ဆီဒိုနဲ့ နှစ်ဦးတွဲ ကစားခဲ့တာပါ။ ဒီအချက်ကပဲ ကလော့ပ် လက်ထက်ကနဲ့ ကွဲပြားသွားတာပါ။

ကွင်းလယ်သမား ၃ ဦးကို ကန့်သတ်မထားဘဲ လှည့်ပတ် ကစားခွင့်ပေးတာကြောင့် ဒီရာသီ သူတို့ ပူးပေါင်းလုပ်ဆောင်မှုတွေ အသင်း ကစားကွက်အပေါ် သက်ရောက်လာတာက သိသာလွန်းတဲ့ အပြောင်းအလဲပဲ ဖြစ်ပါတယ်။

ကလော့ပ်လက်ထက် ကောင်တာ-ဖိအားပေး ကစားရာမှာ ပါဝင်ကစားရနှုန်း အားနည်းတတ်တဲ့ ကွင်းလယ်ကို သိသိသာသာ ကစားခွင့်ပေးလာတာကြောင့်ပဲ ဒီရာသီ လီဗာပူးကွင်းလယ်ဟာ အရင်ရာသီထက် လုပ်ပိုင်ခွင့်ပိုရသလို ပိုပြီး စွမ်းဆောင်ပြနိုင်နေတာပဲဖြစ်ပါတယ်။