တန်းဆင်းသွားမယ့် ဆောက်သမ်တန်အသင်း ကွင်းလယ်လူကို လီဗာပူးဘက်က စိတ်ဝင်စားနေ

လီဗာပူးအသင်းဟာ ဒီနွေအတွက် ကွင်းလယ်လူပေါင်း များစွာကို ပစ်မှတ်ထားနေပြီး ဘောလုံးရာသီ မပြီးခင်ထိတော့ တရားဝင် လှုပ်ရှားမှုတွေ ရှိလာဦးမှာ မဟုတ်ပါဘူး။

ဘရိုက်တန်မှ အယ်လစ္စတာ၊ ချယ်ဆီးမှ မောင့်နဲ့ ဘိုင်ယန်မြူးနစ်မှ ဂရာဗင်ဘက်ချ်တို့ဟာ အသင်းနဲ့ သတင်းအထွက်ဆုံး ကစားသမားတွေ ဖြစ်ပါတယ်။ အယ်လစ္စတာကိုဆိုရင် ဘောလုံးရာသီ ပြီးဆုံးမယ့် မေလ ၂၈ ရက်နေ့ နောက်ပိုင်းမှာ တည်ပြု သတင်းတွေ ထွက်လာမယ် ဆိုတဲ့ထိ သတင်းကြီးထားပါတယ်။

ဂုဏ်သိက္ခာရှိ သတင်းထောက်တွေရဲ့ အဆိုအရ လီဗာပူးအသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်/မဝင် ဆိုတဲ့အပေါ် မူတည်ပြီး ကွင်းလယ် လူစာရင်းရှည် ၂ ခု ပြုလုပ်ထားပါတယ်။ ဒါ့အပြင် ဒီနွေမှာတော့ ပရီးမီးယားလိဂ်မှာ ကျင်လည်ဖူးပြီး ကစားသမားတွေကို ပိုမို ဦးစားပေးမယ်လို့ သိရပါတယ်။

The Athletic က နောက်ဆုံးဖော်ပြလာမှုအရ ဇန်နဝါရီကမှ အစက် ၁၉ နှစ် ပြည့်ထားတဲ့ ဆောက်သမ်တန် ကွင်းလယ်လူ ရိုမီရို လာဗီယာကို လီဗာပူးဘက်က သဘောကျနေတယ်လို့ သိရပါတယ်။ လာဗီယာဟာ ဒီရာသီကမှ ဆောက်သမ်တန်ကို ပေါင် ၁၀ သန်း ဝန်းကျင်နဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကလပ် များစွာက ခေါ်ယူလိုနေတဲ့ သူ့ကို မန်စီးတီးဘက်က ပေါင် သန်း ၄၀ ဖြင့် ခေါ်ယူခွင့် အချက်အား ၂၀၂၂ နွေမှာတည်းက ထည့်သွင်းထားခဲ့တယ်။ အကယ်လို့ လာဗီယာကို အခြားအသင်းက ခေါ်ယူသွားမယ်ဆိုရင်တော့ အဲ့ပမာဏထက် နည်းတဲ့ ပြောင်းရွှေ့ကြေးကို မန်စီးတီးက ခံစားခွင့် ရမှာဖြစ်ပါတယ်။

၄-၃-၃ ကစားကွက်မှာ တစ်ဦးတည်း နံပါတ် ၆ နေရာ ကစားတဲ့ လာဗီယာဟာ ဖိအားမြင့်မြင့်ပေးခြင်းနဲ့ ဘောလုံးလက်ခံရချိန်မှာ ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ခြင်း ဆိုတဲ့ အရည်အချင်းတွေ ရှိထားသူလို့လည်း လီဗာပူးဘက်က နားလည်ထားပါတယ်။

ဘယ်ဂျီယံသားကို လီဗာပူးဘက်က သဘောကျပေမယ့် မန်စီးတီးနဲ့ စာချုပ်အရ မန်ချက်စတာဘက်ကလည်း အချိန်မရွေး ကြားဖြတ် ခေါ်ယူနိုင်တာပါ။ လက်တလေထိတော့ လီဗာပူးဘက်က စိတ်ဝင်စားနေပြီး နွေမှာ ခေါ်ယူဖွယ်ရှိတဲ့ ကစားသမားစာရင်းမှာ ပါဝင်နေဆဲဖြစ်ပါတယ်။