နောက်ရာသီ ဝတ်ဆင်မယ့် လီဗာပူးအသင်းရဲ့ Adidas ဂျာစီဒီဇိုင်း ပေါက်ကြားလာ

လီဗာပူးအသင်းဟာ ဒီရာသီကုန်ရင် လက်ရှိ လက်တွဲနေတဲ့ အမေရိကန် ကုမ္ပဏီ Nike နဲ့ စာချုပ်ကုန်မှာဖြစ်ကာ Adidas ဖြင့် ပြန်လက်တွဲမယ် သတင်းထွက်နေပါတယ်။

လီဗာပူးအသင်းနဲ့ Adidas တို့ဟာ အတိတ်တုန်းက ၂ ကြိမ် လက်တွဲခဲ့ဖူးကာ ၁၉၈၅-၁၉၉၆ မှာ တစ်ကြိမ်နဲ့ ၂၀၀၆-၂၀၁၂ တို့မှာ တစ်ကြိမ် ပူးပေါင်းကာ ပရိသတ်တွေကြား လူကြိုက်များတဲ့ ဂျာစီတွေကို ထုတ်လုပ်ခဲ့ဖူးပါတယ်။

လာမယ့်ရာသီ ဂျာစီစပွန်ဆာကိစ္စ လီဗာပူးဘက်က တရားဝင် မကြေညာသေးပေမယ့် Adidas က အဓိက စပွန်ဆာအဖြစ် ပြန်လည် တာဝန်ယူဖွယ် ရှိနေတယ်။

အခု ပထမဆုံး ထွက်ပေါ်နေတာက ၂၀၂၅-၂၀၂၆ ဘောလုံးရာသီမှာ ဝတ်ဆင်မယ့် ဂိုးသမားဂျာစီအတွက်ဖြစ်ပြီး အောက်ခံ အနက်ရောင်ကိုမှ အစိမ်းရောင်း အုပ်ထားကာ ပုခုံးမှာ Adidas အမှတ်လက္ခဏာ လိုင်းသုံးကြောင်း ပါမယ့် ဒီဇို်င်းဖြစ်ပါတယ်။

အိမ်ကွင်းနဲ့ အဝေးကွင်း ဂျာစီ ဒီဇိုင်းတွေ မထွက်သေးပေမယ့် ဂိုးသမားဂျာစီတွေ ပေါက်ကြာလာခြင်းကပဲ မကြာခင်မှာ လီဗာပူးရဲ့ စပွန်ဆာပြောင်းတော့မယ်ဆိုတာကို ပရိသတ်တွေကြား တီးတိုးပြောစရာကိစ္စ ဖြစ်လာစေတယ်။

လီဗာပူးနဲ့ ပြန်လည် လက်တွဲဖို့အတွက် Adidas ဟာ ပရီးမီးယားလိဂ် စံချိန်တင် ကြေးတစ်ရပ် ဒါမှမဟုတ် အဲ့လောက်နီးနီးကို ပေးရဖွယ်လည်း ရှိနေတယ်။

လီဗာပူးအသင်းဟာ Nike နဲ့ လက်တွဲရာမှာ ဂျာစီရောင်းအား အထူးကောင်းမွန်ထားခဲ့ကာ အင်္ဂလန်ကလပ်တွေထဲ ဝယ်ယူမှုအများဆုံး ဂျာစီတွေအတွင်း ထိပ်ဆုံးမှာ ကာလရှည် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။