နည်းပြသစ်တစ်ဦး ထပ်ခေါ်ခြင်း၊ ဒတ်ချ်ရဲ့ မျှော်လင့်ချက်ဖြစ်နေတဲ့ ဂရာဗင်ဘက်ချ်၊ ကလော့ပ်ကို ကြိုဆိုတဲ့ ဒေါ့မွန်နဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

လီဗာပူးအသင်းနဲ့အတူ ယူရိုပါလိဂ်မှာ ဒေါ့မွန်ကို ဖြုတ်ချခဲ့တဲ့ ကလော့ပ်ဟာ ဂျာမာန်ကလပ်ကို ပြန်ရောက်ချိန်မှာ ဂန္တဝင်တစ်ဦးအဖြစ် ကြိုဆိုခံနေရဆဲဖြစ်ပါတယ်။

အင်္ဂလန်အသင်းက အိုက်ယာလန်ကို ၂-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာ ထရန့်ဟာ ညာခြမ်းကနေ ပွဲထွက်ကစားခွင့်ရသလို ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

ကွင်းလယ်လူ ဂရာဗင်ဘက်ချ်ဟာ နယ်သာလန်အတွက် ပွဲကစားခွင့်ရခဲ့ပြီး ဂက်ပို၊ ဗန်ဒိုက်တို့နဲ့အတူ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

ယူနိုက်တက်ကစားသမား ဆန်ချိုဟာ ဒေါ့မွန်အသင်းကို တစ်ပွဲပြန်လာ ကိုင်တွယ်ပေးတဲ့ ကလော့ပ်အား Legend လို့ လေးစားမှု ပေးသွားပါတယ်။ ကလော့ပ်က ဆန်ချိုအပေါ် ယူနိုက်တက်ရဲ့ ဆက်ဆံပုံက မဖြစ်သင့်ဘူးလို့ ထောက်ပြထားတာပါ။

နယ်သာလန်အသင်း ကွင်းလယ်မှာ နောက်ဆုံးတော့ ဂရာဗင်ဘက်ချ်လို လိုင်းတွေကို ပိုင်ပိုင်နိုင်နိုင် ကျော်ဖြတ်နိုင်စွမ်းရှိတဲ့ ကစားသမား ပေါ်ထွက်လာပြီလို့ ဒတ်ချ်ကစားသမားဟောင်းတွေက အားရဝမ်းသာ ချီးကျူးနေကြပါတယ်။

ပေါ်တိုအသင်းမှာ ၆ ရာသီကြာ အလုပ်လုပ်နေတဲ့ Diogo Paiva က လီဗာပူးအသင်းရဲ့ Technical skills coach ဖြစ်လာပါတယ်။

ဟန်ဂေရီက ဂျာမနီအသင်းကို ၅-၀ ဖြင့် ဂိုးပြတ်ရှုံးခဲ့တာတောင် ဆိုဘိုစလိုင်က ခြေစွမ်းပြကစားပေးနိုင်ခဲ့ပါတယ်။ ထိုနည်းတူ အင်္ဂလန်ကို ရှုံးတဲ့ပွဲမှာ ကလယ်ဟာကလည်း လက်စွမ်းကောင်းတွေဖြင့် ၇ ကြိမ်လောက် ကာကွယ်ခဲ့ပါတယ်။

ဂိုးမက်စ်ဟာ လီဗာပူးအသင်းမှာ ဆက်ရှိနေခွင့်ရတာကို ကျေနပ်နေတယ်လို့ သိရပြီး သူဟာ အသင်းကနေ ထွက်နိုင်ဖို့ အတင်းအကျပ် တိုက်တွန်းခဲ့ခြင်း မရှိပါဘူး။