

လီဗာပူးနည်းပြ အာနယ် ဆလော့အနေနဲ့ မီဒီယာတွေမှာ နည်းစနစ်တွေအကြောင်း ဖွင့်ချနေတာကို ရပ်တန့်သင့်ပြီလို့ ကစားသမားဟောင်း ကာရေဂါက သတိပေးလာပါတယ်။
ဒီရာသီမှ ပရီးမီးယားလိဂ်ကို ရောက်လာတဲ့ အာနယ် ဆလော့ဟာ သွေးအေးပြီး ပြတ်သားသူလို့ အားကစားကလောင်ရှင်တွေကြား မှတ်ချက်ရနေပေမယ့် ကာရေဂါကတော့ နယ်သာလန်သားဟာ အင်္ဂလန်မီဒီယာတွေရဲ့ မာယာကို မသိသေးဘဲ ရိုးသားလွန်းနေတယ်လို့ မြင်ပါတယ်။
အင်္ဂလန်ဘောလုံးနဲ့ ဒတ်ချ်ဘောလုံးလောက မတူညီသလို ပွဲအပြီး သတင်းထောက်တွေ မေးတဲ့ နည်းစနစ်ပိုင်း ကိစ္စတွေကအစ ဖြေပေးနေတာမျိုးတွေ ဆလော့ ထပ်မလုပ်အောင် အသင်းဘက်က သတိကြိုပေးတာမျိုး ကာရေဂါက မြင်လိုနေပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်လို့ ဂျင်မီ ကာရေဂါက ” အာနယ် ဆလော့က မီဒီယာတွေမှာ လီဗာပူးဘက်က အမြင်တွေကို ထုတ်ပြောနေတာလို့ မြင်တယ်။ နောက်ပြီး ဒီလိုတွေ ပြောတာမျိုးကလည်း ဒတ်ချ်တွေ လုပ်လေ့ရှိတဲ့ ကိစ္စပဲ။
သူတို့က အားလုံးကို ပွင့်ပွင့်လင်းလင်းနဲ့ ထင်သာမြင်သာရှိတယ်။ သူတို့ကို မေးခွန်းသွားမေးရင် ပြန်ဖြေပေးမှာပဲ၊ ကျနော်တို့လို ဝေဖန်ရေးသမားတွေအတွက်တော့ ကောင်းတဲ့ ကိစ္စပေါ့။
လီဗာပူးပွဲတွေကို ကြည့်တိုင်းလည်း တစ်ပွဲချင်း ကစားဟန်တွေ နည်းနည်းစီ ပြောင်းလဲသွားပါတယ်။ အစ်ဝစ်ချ်ပွဲတုန်းက အစွန်သမားတွေကို နေရာချပုံ၊ ဘရန့်ဖိုဒ့်ပွဲကျ ထရန့်ကို သုံးပုံနဲ့ ယူနိုက်တက်ပွဲ အခင်းအကျင်း ဒါတွေက ပွဲတိုင်းမှာ ပြောင်းလဲနေတယ်။
ယူနိုက်တက်ပွဲအပြီးမှာဆိုရင် အာနယ် ဆလော့က တန်ဟက်တို့ အစွန်သမားတွေကို ဘယ်လိုနေရာချတာ၊ ရာသီကြိုမှာ ဘယ်လိုကစားတာ၊ အရင်ရာသီက ဘယ်လိုကစားတာ ဒါတွေအားလုံး ထုတ်ပြောသွားတယ်။
ရှေ့လာမယ့်ပွဲတွေမှာလည်း အာနယ် ဆလော့က ဒီလို အချက်အလက်တွေ ဘယ်လောက်တောင် ထပ်ပြီး ပြောပေးနေမလဲ ဆိုတာက စိတ်ဝင်စားစရာပဲ။ ဒါပေမယ့် လီဗာပူးဘက်က အမြင်နဲ့ပြောရမယ်ဆိုရင် သူ့အနေနဲ့ ဖုံးသင့်တာတွေဆိုရင် ဖုံးထားဖို့ လိုပါမယ် ” ဆိုပြီး သတိပေးခဲ့တာ ဖြစ်ပါတယ်။