

ဗန်ဒိုက်က သူ ဥရောပဘောလုံးလောကကို စွန့်ခွာဖို့ အစီအစဉ် မရှိသေးကြောင်း ထုတ်ပြောခဲ့သလို လက်ရွေးစင်နဲ့ ကလပ်တို့ကို ဆက်လက် ဦးဆောင်လိုနေဆဲပါ။
မနှစ်ကရာသီ ပြိုင်ပွဲစုံ ၆၄ ပွဲထိ ကစားခဲ့တဲ့ ဗန်ဒိုက်ဟာ ပွဲချိန်အားဖြင့် မိနစ် ၅၃၉၅ မိနစ် ထိ ကစားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ကြံခိုင်မှုဟာ အကောင်းဆုံး အခြေအနေကို ပြန်ရောက်နေပါပြီ။
ဒါပေမယ့် အသက် ၃၃ နှစ်အရွယ် ခံစစ်မှူးဟာ လီဗာပူးနဲ့ ၂၀၂၅ ခုနှစ်ထိပဲ စာချုပ်ရှိတော့မှာ ဖြစ်ပါတယ်။
နိုင်ငံတကာသီတင်းပတ်မှာ ဗန်ဒိုက်ကိုယ်တိုင်ကတော့ သူဟာ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားကို ပါဝင် ယှဉ်ပြိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ဖလား ထပ်မံ ယှဉ်ပြိုင်ဖို့ရာ ၂ နှစ်လောက် ကြာဦးမှာမို့ ခံစစ်မှူးက ဥရောပမှာ အနည်းဆုံး ၂ နှစ် ဆက်ကစားမယ့် သဘောထားကို ပြသလာခြင်း ဖြစ်ပါတယ်။
လီဗာပူးကနေ ထွက်ခွာခဲ့ရင် သူ့ကို ခေါ်ယူဖို့ ဆော်ဒီကလပ်တွေက စိတ်ဝင်စားပေမယ့် လက်ရွေးစင်မှာ ပါဝင်ချင်သေးတာကြောင့် အဆိုပါ လမ်းကြောင်းကို ဗန်ဒိုက် ငြင်းဆန်ပါလိမ့်မယ်။
ဗန်ဒိုက် ကိုယ်တိုင်က လီဗာပူးမှာ ဆက်နေလိုကြောင်း လမ်းဖွင့်ထားကာ လီဗာပူးအတွက် အဓိက ပြဿနာက အသက် ၃၃ နှစ်အရွယ် ဗန်ဒိုက်နဲ့ အသက် ၃၂ နှစ်အရွယ် ဆာလာတို့လို စံချိန်တင် လုပ်ခရှင် ၂ ဦးအား ကာလရှည် စာချုပ်ပေးဖို့ အခက်တွေ့နေခြင်း ဖြစ်ပါတယ်။
လီဗာပူးအသင်း ပေါ်လစီအရ အသက် ၃၀ အထက် ကစားသမားတွေကို ရေရှည် ဆက်ထိန်းတာမျိုး လုပ်ခဲသလို သက်တမ်းတိုးခဲ့ရင်တောင် ကာလတိုတွေပဲ ပေးလေ့ရှိပါတယ်။ ဒီနွေတုန်းကဆိုရင် သီယေဂို၊ မာတစ်တို့လို ၃၀ အထက် ကစားသမားတွေကို အလွတ်ဖြင့်ပဲ ထွက်ခွင့်ပေးခဲ့တာပါ။
ဗန်ဒိုက်နဲ့ ဆာလာတို့အတွက် စာချုပ်ကိုတော့ သူတို့ အသက် ၃၅ နှစ် ဝန်းကျင်အထိ အသင်းမှာ ဆက်ရှိနေစေမယ့် ၂ နှစ် ဒါမှမဟုတ် ၃ နှစ် ဝန်းကျင် ပေးရဖွယ်ရှိကာ ဒါဟာ အသင်းအတွက် အဆင်ပြေတဲ့ ကိစ္စဖြစ်လာမလား တွက်ဆနေကြဆဲပဲ ဖြစ်ပါတယ်။