

အာနယ် ဆလော့ဟာ ယာဂင်ကလော့ပ်နဲ့ ကွဲပြားတဲ့ နည်းပြမျိုးဖြစ်ပြီး သူဟာ အသင်းလိုက် အုပ်ချုပ်မှုတွေကို ပိုမို ချဉ်းကပ်သူဖြစ်ပြီး ကစားသမားတွေနဲ့အတူ မကြာခဏ မီတင်ထိုင်တာမျိုးတွေ လုပ်လေ့ရှိသူဖြစ်ပါတယ်။
ကစားသမားတွေကြား ရင်းနှီးမှု တိုးပွားလာအောင်နဲ့ အဲ့ကတစ်ဆင့် သူ့ရဲ့ နည်းစနစ်တွေကို အသင်းကစားသမားတွေထဲ ထည့်သွင်းနိုင်အောင်လို့ ပုံမှန် မီတင်တွေ လုပ်လေ့ရှိပါတယ်။
အဲ့ကတစ်ဆင့်မှ အသင်းလိုက်နဲ့ တစ်ဦးချင်း နည်းစနစ်ပိုင်းတွေကို ပဲ့ကိုင်တာမျိုး လုပ်လေ့ရှိတာပါ။ အာနယ် ဆလော့ဟာ ကွင်းဘေးမှာ စိတ်ဓါတ်ပြင်းပြစွာ လှုံ့ဆော်မှု ပေးတတ်သူမျိုး မဟုတ်ဘဲ လေ့ကျင့်ရေးကွင်းမှာ ပိုမို ပြင်ဆင်တတ်သူ ဖြစ်ပါတယ်။
ဇူဘီမန်ဒီကို မရခဲ့ခင်တည်းက ဂရာဗင်ဘက်ချ်ကို ကွင်းလယ်ခံစစ်မှာ သုံးလို့ရကြောင်း ဆလော့က ပြောဆိုထားတယ်။ အာနယ် ဆလော့ရဲ့ နည်းစနစ်မှာ ဂရာဗင်ဘက်ချ်က အံဝင်နေပြီး ပီယာလိုနဲ့တောင် ဆင်တူတယ်လို့ အမြင်တွေလည်း ထွက်လာပါတယ်။
ဒါနဲ့ ပတ်သက်လို့ လီဗာပူး အကျော်အမော်ဟောင်း ဂျွန်ဘန်းစ်က “ နံပါတ် ၆ ရိုးမှာ ဂရာဗင်ဘက်ချ် ကစားနေတာက ပီယာလို အဲ့နေရာမှာ ကစားခဲ့တာနဲ့ ဆင်ပါတယ်။ လုံးဝကြီး ထပ်တူကျနေတဲ့ ကစားသမားမျိုးတော့ မဟုတ်ဘူးပေါ့ဗျာ။
ဂရာဗင်ဘက်ချ်ဟာ ရင်ဆိုင်ရခက်ခဲပြီး အားထုတ်မှုကောင်းတဲ့ သန်မာတဲ့ ကွင်းလယ်ခံစစ်သမား တစ်ဦးဆိုတာမျိုးထက် ဘောလုံးကိုင်ကစားဖို့ သက်သောင့်သက်သာရှိပြီး ပိုပြီး တိုက်စစ်ကစားပုံကောင်းတဲ့ ကွင်းလယ်လူလို့ ပြောရမှာဖြစ်ပါတယ် ” ဆိုပြီး ထောက်ပြခဲ့တာ ဖြစ်ပါတယ်။
လီဗာပူး နည်းပြအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဟိုင်တင်ဂါက နံပါတ် ၆ ရိုးမှာ အာနယ် ဆလော့ ကစားစေလိုတဲ့ ပုံစံတွေအတွင်း ဂရာဗင်ဘက်ချ် သက်သောင့်သက်သာဖြစ်ရေး သီးသန့် လေ့ကျင့်မှုတွေဖြင့်ပါ တစ်ဦးချင်း အနီးကပ် ကြီးကြပ်ပေးနေတယ်လို့လည်း သိရပါတယ်။