လီဗာပူးအသင်းဟာ ၂၀၂၂ ခုနှစ်တုန်းက ပီအက်စ်ဂျီ တိုက်စစ်မှူး အမ်ဘာပေကို ပေါင် သန်း ၁၇၀ ဝန်းကျင်ဖြင့် ခေါ်ယူဖို့ ကြိုးစားပေမယ့် မအောင်မြင်ခဲ့ကြောင်း ပြင်သစ်သတင်းတွေက ဖော်ထုတ်လာခဲ့ပါတယ်။
၂၀၂၂ မှာ လီဗာပူးအသင်းဟာ ကာရာဘောင်းနဲ့ အက်ဖ်အေဖလား အောင်မြင်ထားခဲ့ကာ ပရီးမီးယားလိဂ်ကို ၁ မှတ်ဖြင့် ကပ်ပြီး ကျရှုံးခဲ့သလို ချန်ပီယံလိဂ်မှာတော့ ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ခဲ့တဲ့နှစ်လည်း ဖြစ်ခဲ့ပါတယ်။
နွေမှာ မာနေး ထွက်ခွာတော့မှာဖြစ်ခြင်းနဲ့အတူ လီဗာပူးအသင်းက ရည်မှန်းချက်ကြီးတဲ့ လှုပ်ရှားမှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။ အမ်ဘာပေအတွက် ကမ်းလှမ်းမှု မတိုင်ခင် လအနည်းငယ်အလိုမှာပဲ အသင်းဟာ ယာဂင်ကလော့ပ်ကိုလည်း သက်တမ်းတိုးထားခဲ့ပြီးပါပြီ။
လီဗာပူးဘက်က ဗန်ဒိုက်ကို ခေါ်ယူစဉ် ပေးခဲ့ရတဲ့ ကလပ် စံချိန်တင်ကြေး ပေါင် ၇၅ သန်းရဲ့ နှစ်ဆကျော်ဖြင့် အမ်ဘာပေကို ဝင်ရောက် ချိတ်ဆက်ခဲ့တာလို့ သိရတယ်။ ရီးရဲလ်မက်ဒရစ် သဘောတူညီချက်မျိုးကို လီဗာပူးဘက်က အမ်ဘာပေနဲ့ပါ ဆွေးနွေးမှုမှာ လိုက်လျောခဲ့တယ်လို့ သိရတယ်။
လီဗာပူးအသင်းဟာ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရထားတဲ့ထိ အခြေအနေကောင်းခဲ့တာကြောင့် ပီအက်စ်ဂျီအသင်းထံ ပေါင် ၁၆၈ သန်း (ယူရို သန်း ၂၀၀) ဖြင့် ကမ်းလှမ်းမှု လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ထိုစဉ် ပီအက်စ်ဂျီအားကစားဒါရိုက်တာ Antero Henrique က နှစ်ဆ ရလိုကြောင်း တုန့်ပြန်ခဲ့တယ်။
အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းမှာ ဆက်နေဖို့ သက်တမ်းတိုးခဲ့ပေမယ့် ပြင်သစ်ကလပ်ဟာ သူ့ကို သစ္စာဖောက်တယ်လို့ ခံစားခဲ့ရပါတယ်။ လီဝန်ဒေါစကီး၊ ဘာနာဒို ဆေးဗားတို့ကို ခေါ်ယူပေးမယ်ဆိုတဲ့ ကတိတွေကိုလည်း ပီအက်စ်ဂျီဘက်က ဖောက်ဖျက်တာကြောင့် လီဗာပူးထံ ပြောင်းဖို့ သဘောတူခဲ့တာပါ။
၂၀၂၂ နွေကာလတွေမှာ ယာဂင်ကလော့ပ်က လီဗာပူးအသင်းဟာ အမ်ဘာပေကို စိတ်ဝင်စားကြောင်း ဝန်ခံချက်နဲ့ ပြင်သစ်တိုက်စစ်သမားရဲ့ လီဗာပူးကို ပြောင်းဖို့ မိခင်ဖြစ်သူရဲ့ သဘောထားအတိုင်း စကားပြောမှုအချို့ ရှိခဲ့တယ်ဆိုတဲ့ အင်တာဗျူးတွေကလည်း ဒီကိစ္စတွေ မှန်ကန်ကြောင်း သက်သေထူနေပါတယ်။
အဲ့ကာလတွေမှာ မန်စီးတီးက ဟာလန်းကို ခေါ်ယူခဲ့တာမို့ လီဗာပူးက အမ်ဘာပေကို ရလိုက်ရင် ရော်နယ်ဒို၊ မက်ဆီ အားပြိုင်မှုလို ခေတ်သစ် ပြိုင်ဘက်အသစ် ပရီးမီးယားလိဂ်မှာ ထွက်ပေါ်မယ်ဆိုတဲ့ မှန်းဆချက်တွေကလည်း အားကောင်းခဲ့ပါတယ်။
ဒါပေမယ့်လို့ ပီအက်စ်ဂျီရဲ့ ယူရို သန်း ၄၀၀ တောင်းဆိုမှုအတိုင်း ပေးဖို့တော့ ဘယ်အသင်းမှ တက်နိုင်မှာ မဟုတ်ခြင်းနဲ့အတူ လီဗာပူးအသင်းဟာ နွေစျေးကွက်မှာ ဒါဝင်နဲ့ အခြားသော ပစ်မှတ်တွေထံပဲ ဦးလှည့်သွားခဲ့တာဖြစ်ပါတယ်။
