

မက္ကဆီကို တောင်ပံသမား Cesar Huerta က အပြောင်းအရွှေ့ နောက်ဆုံးလမှ လီဗာပူးကို ပြောင်းဖို့ အတော်လေး နီးစပ်ခဲ့ကြောင်း ထုတ်ပြောလာပါတယ်။
Cesar Huerta က လီဗာပူးကို ပြောင်းဖို့ အထုတ်တွေတောင် အဆင်သင့်ပြင်ထားခဲ့ပြီးမှ အပြောင်းအရွှေ့ ပျက်သွားခဲ့တာ ဖြစ်ပါတယ်။ တိုက်စစ်သမားဟာ ဥရောပမှာ လုံးဝ ဘောလုံးမကစားဖူးသူလို့လည်း သိရတယ်။
မက္ကဆီကို ရုပ်သံတွေကတော့ လီဗာပူးအသင်းဟာ Cesar Huerta ကို ခေါ်ယူပြီး ဆန်းဒါးလန်းအသင်းထံ တစ်ရာသီ အငှားချဖို့ စီစဉ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါကပဲ တိုက်စစ်သမားကို အင်္ဂလန်မှာ ပွဲကစားခွင့်နဲ့ အသားကျစေမယ် မျှော်လင့်ထားတာပါ။
ဒါပေမယ့်လို့ လက်ရှိ တိုက်စစ်သမား ကစားနေတဲ့ UNAM အသင်း နည်းပြက Cesar ကို ဆက်ထိန်းပေးပါလို့ တောင်းဆိုကာ အပြောင်းအရွှေ့ မဖြစ်ဖို့ တားဆီးခဲ့တာဖြစ်ပါတယ်။
” ကိစ္စလေးတွေ ရှိခဲ့ပါတယ်။ ကျနော်က လီဗာပူးကို ပြောင်းဖို့ အထုတ်တွေတောင် ပြင်ထားပေမယ့် ကိစ္စလေးတွေကြောင့်ပဲ အဆင်မပြေဖြစ်ခဲ့ပါတယ်။
ကျနော် ဆက်ပြီး ကြိုးစားနေမယ်ဆိုရင် အနှေးနဲ့အမြန် အခွင့်အရေးတွေ ရလာဦးမှာပါ။ အခွင့်အရေးကောင်းက တစ်ကြိမ်ပဲ လာတတ်တာကို ကျနော် သိပါတယ်။ ကျနော် ဆက်ပြီး ကြိုးစားနေရမှာပေါ့ ” လို့ Cesar က ဆက်ပြောခဲ့ပါတယ်။
လီဗာပူးအသင်းဟာ ဂိုးသမား မာမာဒီရှီဗီလီကိုလည်း ခေါ်ယူပြီးချင်း ပရီးမီးယားလိဂ်ကလပ် တစ်သင်းထံ အငှားချဖို့ ပြင်ခဲ့ပေမယ့် အဆုံးမှာတော့ ဗလန်စီယာမှာပဲ ဆက်လက် အငှားထားခဲ့တာ ဖြစ်ပါတယ်။