ဆာလာ စာချုပ်ကိစ္စ အေးဂျင့် ပြော၊ ဒီယက်ဇ်ကို စာချုပ်သစ်ပေးစေလိုတဲ့ အာနယ်၊ လုပ်ခ ၂ ဆငြင်းပြီး အန်ဖီး​ ရောက်လာတဲ့ ရီယိုနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

လီဗာပူးဘက်က သက်တမ်းမတိုးနိုင်ခဲ့ရင် ဗန်ဒိုက်ကို ခေါ်ယူဖို့ အီတလီကလပ် အချို့က စိတ်ဝင်စားမှု ပြသလာပါတယ်။ ဗန်ဒိုက်ဟာ ဇန်နဝါရီကစလို့ အင်္ဂလန်ပြင်ပ ကလပ်တွေဖြင့် စကားပြောခွင့် ရှိမှာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဆာလာ၊ ဗန်ဒိုက်တို့နဲ့ မကြာခင် စာချုပ်သစ်ကိစ္စ စကားပြောတော့မှာပါလို့ ရိုမန်နိုက ဆိုပါတယ်။ မကြာသေးခင်ကပဲ စက်တင်ဘာ နိုင်ငံတကာ သီတင်းပတ်မှာ စကားပြောမယ်လို့ သူက ဆိုခဲ့သေးတာပါ။

ဆာလာရဲ့ စာချုပ်ကိစ္စ ဆိုပြီး သတင်းထောက်တွေ ဖော်ပြနေတာ တစ်ခုမှ မမှန်ကြောင်းနဲ့ ဆာလာနဲ့ နီးစပ်သူထံကရတဲ့ သတင်းဆိုတာ ပိုလို့တောင် မရှိဘူးလို့ အေးဂျင့် Ramy Abbas က ထုတ်ပြောလာပါတယ်။

ဒီနှစ်တွေအတွင်း ရိုမန်နိုရဲ့ လီဗာပူးသတင်း ဖော်ပြမှုတွေဟာ ဗြိတိန်က ဒုတိယတန်းစား သတင်းထောက်သာသာပဲဖြစ်ပြီး ၁၀ ခုပြော တစ်ခုမှန် အခြေအနေလို့ အသင်းပရိသတ်တွေက မှတ်ချက်ပေးနေပါတယ်။

နိုင်ငံတကာသီတင်းပတ်ဟာ လီဗာပူးအသင်းနဲ့ လေ့ကျင့်ချိန် နောက်ကျထားတဲ့ ခီယေဆာ၊ ဒါဝင်တို့အတွက် ကောင်းမွန်တဲ့ ကာလဖြစ်ခဲ့ပြီး နည်းပြသစ်ရဲ့ စနစ်မှာ ပါဝင်ရမယ့် အခြေအနေအတွက် တစ်ဦးချင်း လေ့ကျင့်မှုတွေပါ လုပ်နိုင်ခဲ့ပါတယ်။

ဇူဘီမန်ဒီအတွက် အခြား ချိတ်ဆက်မှု ထပ်မလာကြောင်း ဆိုစီဒက် ဥက္ကဋ္ဌက ထုတ်ပြောခဲ့ကာ လီဗာပူးနဲ့ တစ်ကျော့ပြန် အပြောင်းအရွှေ့ သတင်းတွေကို ငြင်းဆန်ပါတယ်။

ဒီနွေမှာ လီဗာပူးအသင်းဟာ ဗဟိုခံစစ်မှူးသစ် တစ်ဦး ရလိုပေမယ့် အသင်း လိုအပ်ချက်နဲ့ ကိုက်ညီမယ့် ကစားသမားမျိုး မတွေ့ခဲ့ပါဘူး။ ကစားသမား ခေါ်ယူရေးအဖွဲ့ အလိုရှိနေတာက ဘယ်ခြမ်းခံစစ်မှူးဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ လီဗာပူးပေးမယ့် လုပ်ခထက် ၂ ဆပေးမယ့် ကမ်းလှမ်မှုဖြင့် ရီယိုကို အသင်းမှာ ဆက်နေရေး အားထုတ်ခဲ့ကာ ငြင်းဆန်ခံခဲ့ရတာဖြစ်ပါတယ်။

နည်းပြ အာနယ် ဆလော့ဟာ ဒီယက်ဇ်ကို အတော်လေး သဘောကျမှုရှိတယ်လို့ သိရပါတယ်။ ဒီယက်ဇ်ကို စာချုပ်သစ်ပေးရေး နည်းပြက မီးစိမ်းပြမှာဖြစ်ပါတယ်။