အန်ဖီးကို ထိတ်လန့်စေခြင်း၊ သင့်လျော်တဲ့ အရန်အင်အား မဖန်တီးနိုင်၊ ကျရှုံးကြတဲ့ ရုပ်ပိုင်းဆိုင်ရာ ရင်ဆိုင်မှုနဲ့ ဖောရက်စ် ရှုံးပွဲအပြီး စကားစမြည်း ပြောစရာများ

လီဗာပူးအသင်းဟာ ၄၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အိမ်ကွင်းမှာ ဖောရက်စ်ကို အရှုံးပေးခဲ့ရပါတယ်။ ဒီရှုံးပွဲဟာ အာနယ် ဆလော့ လက်ထက် ပထမဆုံး ရှုံးပွဲလည်းဖြစ်ပါတယ်။ ဒီပွဲမှာ ဘာတွေ ပြောစရာဖြစ်ခဲ့လဲ LFCThaDin ဖတ်ရှုသူတွေနဲ့အတူ ဆွေးနွေးသွားပါမယ်။

နည်းပြကော ကစားသမားတွေပါ ဆုံးဖြတ်ချက် မှားခဲ့ကြခြင်း

ဖောရက်စ်ပွဲမှာ လီဗာပူးအသင်း လူထုတ်ပုံဟာ မေးခွန်းထုတ်စရာရှိပါတယ်။ အဓိကက နိုင်ငံတကာသီတင်းပတ်မှာ ပွဲတွေကစားပြီး ပြန်လာတဲ့ အသင်းသားတွေကို တစုတဝေးတည်း ပွဲထုတ်လိုက်ခြင်းပါပဲ။

မာကာဟာ လက်ရွေးစင်မှာတည်းက ဒဏ်ရာရကြောင်း သတင်းတွေနဲ့အတူ ရာနှုန်းပြည့် ပွဲကစားနိုင်ခြင်း မရှိခဲ့ပေမယ့် ပွဲထွက်မှာ ပါဝင်လာခဲ့ပါတယ်။ သူ့နေရာမှာ ပိုပြီး လန်းဆန်းနေမယ့် ရွေးချယ်မှုလုပ်သင့်ပေမယ့် ဂျုံး ဒဏ်ရာက ပြန်သက်သာလာစ ဖြစ်သလို ဟာဗေးကလည်း ဒဏ်ရာရနေခဲ့ပါတယ်။

ပွဲချိန်တွင်းမှာတော့ လီဗာပူးကစားသမားတွေ အဆုံးသတ်ပိုင်း ဧရိယာတွေမှာ ချိတ်ဆက်ပုံ အတော်လေး ညံ့ဖျင်းပြီး အစ ၁၅ မိနစ်လောက်ကလွဲရင် တစ်ဦးချင်း ပေးပို့မှုတွေဟာ ညံ့တယ်ဆိုတဲ့ အဆင့်ထိ ကျဆင်းနေခဲ့ပါတယ်။

ဆလော့ရဲ့ လူစားလဲမှု ၅ ခုလုံးကလည်း ပွဲတန်ပိုကို မြင့်တက်စေခြင်း မရှိခဲ့ဘဲ ပိုလို့တောင် အခြေအနေဆိုးသွားစေခဲ့ပါတယ်။

ရုပ်ပိုင်းဆိုင်ရာ ရင်ဆိုင်မှု ကျရှုံးခြင်း

ခံစစ်က ဗန်ဒိုက်နဲ့ ကိုနတေးကလွဲရင် ကွင်းလယ်မှာကော တိုက်စစ်မှာပါ လီဗာပူးအသင်းသားတွေဟာ ရုပ်ပိုင်းဆိုင်ရာ ယှဉ်ပြိုင်မှုတွေအတွင်း ကျရှုံးခဲ့ပါတယ်။ တစ်ဦးချင်း ထိပ်တိုက်တွေ့မှု အောင်မြင်နှုန်းဟာ ၃၅% ပဲရှိတဲ့ထိ ကျရှုံးခဲ့တာပါ။

ဖောရက်စ်ရဲ့ အစွန်တွေက အကောင်းဆုံး အလုပ်လုပ်ခဲ့ပြီး ဆာလာနဲ့ ဒီယက်ဇ်တို့ အမှားတွေပဲ ဆက်တိုက်လုပ်မိနေအောင် ဖိအားပေးနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ လီဗာပူးခံစစ်က အမှားမရှိသလောက်ဖြစ်ပေမယ့် ဖောရက်စ်ရဲ့ အခွင့်အရေး အရယူသွားနိုင်စွမ်းကိုလည်း အသိအမှတ် ပြုရပါမယ်။

ပရီးမီးယားလိဂ်မှာ ဖောရက်စ်လို ခံစစ်ကို အထိုင်ချပြီး ရုပ်ပိုင်းဆိုင်ရာ ကစားမယ့် ပြစ်ဒဏ်ဘောတွေ ခပ်များများယူမယ့် အသင်းတွေက အများကြီးဖြစ်ပါတယ်။ ဒီလိုအသင်းကို ရင်ဆိုင်ပြီး ကျရှုံးခဲ့ခြင်းဟာ ကောင်းတဲ့ လက္ခဏာမျိုးတော့ မဟုတ်ပါဘူး။

မိုခြေစွမ်းကျရင် လီဗာပူး ပျောက်ဆုံးခြင်း

မိုဆာလာဟာ ဒီရာသီအစ ၃ ပွဲမှာ ကိုယ်တိုင် ၃ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၃ ကြိမ် လုပ်ထားကာ ခြေစွမ်းပြနေပါတယ်။ ဖောရက်စ်ပွဲမှာ သူ ရုန်းကန်ရတဲ့နောက် လီဗာပူးတိုက်စစ်က ဘာမှ မလုပ်ပြနိုင်တော့ပါဘူး။

အချိန်တိုင်း ပေးချက်တွေမှားနေပြီး အသင်းဖော်တွေကို ရှာဖွေနိုင်စွမ်း မရှိသလို တစ်ကိုယ်တော် အစွမ်းဖြင့် တိုက်စစ်ထဲ တိုးဝင်ချိန်တွေမှာလည်း အလုပ်မဖြစ်ပါဘူး။ ဒါမျိုးကို ဘရန့်ဖိုဒ့်ပွဲမှာလည်း မြင်ခဲ့ရပေမယ့် ဆာလာ မစွမ်းနိုင်ချိန် ဒီယက်ဇ်က နေရာလွတ်တွေဖြစ်အောင် ကူညီခဲ့သေးတာပါ။

ဖောရက်စ် အစွန်သမားတွေက ဆာလာနဲ့ ဒီယက်ဇ် နှစ်ဦးကို ဦးတည်ပြီး ဖိအားပေးထားချိန်မှာ လီဗာပူးရဲ့ တိုက်စစ် စွမ်းဆောင်ရည်က လုံးဝကို ပျောက်ဆုံးသွားပါတယ်။

သင့်လျော်တဲ့ အရန်အင်အား မဖန်တီးနိုင်ခြင်း

အာနယ် ဆလော့ဟာ တူညီတဲ့ ၁၁ ဦးကိုပဲ ပွဲထုတ်နေပေမယ့် လူစားလဲမှု ၅ ခုကိုလည်း အပြည့်အဝ အသုံးချနေပါတယ်။ ဘရတ်ဒလေ၊ ဂက်ပို၊ ဒါဝင်၊ ကိုစတက်တို့ဟာ ပွဲတိုင်းနီးပါး လူစားဝင်ပြီး ကစားရလေ့ရှိပါတယ်။

ဒါပေမယ့်လို့ အခုချိန်ထိ လူစားဝင်လာတဲ့ ကစားသမားတွေ ခြေစွမ်းပြနိုင်တာဆိုလို့ အစ်ဝစ်ချ်ပွဲမှာ ကိုနတေး ဝင်ရောက်လာခြင်းပဲ ရှိခဲ့ဖူးပြီး အရန်လူတွေထံက လောက်လောက်လားလား စွမ်းဆောင်ရည်မျိုး မမြင်ထားရပါဘူး။

ဒါဟာ ပွဲကြပ်မှာ အလှည့်ကျ လူထုတ်မယ်ဆိုရင် အဆင်ပြေပါ့မလား အတွေးကို ဖြစ်စေပြီး ဒါဝင်နဲ့ ဂက်ပိုတို့ရဲ့ ခြေစွမ်းဟာ အခုချိန်ထိ အဆင်ပြေနေခြင်း မရှိပါဘူး။

အန်ဖီးကို ထိတ်လန့်စေခြင်း

လီဗာပူးအသင်းဟာ အတောင့်တင်းဆုံး လူစာရင်းဖြင့် ပွဲထွက်ပေမယ့် အိမ်ကွင်းမှာ ဖောရက်စ်ကို ၁-၀ ဖြင့် ရှုံးနိမ့်ခဲ့တာက ပရိသတ်တွေကို တုန့်လှုပ်စေခဲ့ပါတယ်။

ပိုမို ဆိုးရွားတာက အဆင့် ၁၀ အတွင်း ဝင်ဖို့ အမြဲတမ်း ရုန်းကန်ရတဲ့ အသင်းကို ခြေစွမ်း ညံ့ဖျင်းစွာ ရင်ဆိုင်ပြီး ထိုက်ထိုက်တန်တန် ရှုံးခဲ့တဲ့ အခြေအနေကိုပါ။ ဒါဟာ ချန်ပီယံဖြစ်လိုတဲ့အသင်း မပြောနဲ့ ထိပ်ဆုံး ၄ သင်း ဝင်လိုတဲ့ အသင်းအနေနဲ့ စိတ်ပျက်ဖို့ကောင်းလွန်းမယ့် ရလဒ်ဆိုးပဲ ဖြစ်ပါတယ်။