ချန်ပီယံလိဂ်ပွဲမှာ အနားပေးသင့်သူ၊ ခနဲ့သွားတဲ့ အီလန်ဂါ၊ အဆင့် ၄ နေရာ ဆင်းလိုက်ရခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ပရီးမီးယားလိဂ် ပွဲစဉ် ၄ အပြီးမှာ လီဗာပူးအသင်းဟာ အဆင့် ၄ နေရာကို ကျဆင်းသွားပြီး ဒုတိယနေရာက အာဆင်နယ်နောက် ၁ မှတ်အကွာမှာ ရှိနေပါတယ်။

ဖောရက်စ် တိုက်စစ်သမား အီလန်ဂါက အန်ဖီးမှာ အနိုင်ရအပြီး ” Didn’t walk alone today” လို့ ပို့စ်တင်ခဲ့ကာ သူ့နောက်မှာ ဖောရက်စ် ပရိသတ်တွေ ရှိတယ်ဆိုပြီး လီဗာပူးအသင်းကို ခနဲ့သွားပါတယ်။

ဖောရက်စ် ကစားသမားတွေဟာ ဆာလာနဲ့ ဒီယက်ဇ်တို့ကို ဦးတည်တဲ့ လူကပ်ထားမှုအပြင် ကွင်းလယ်မှာ မာကာကို ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုဖြင့် ဘောလုံးမထုတ်နိုင်အောင် အဓိကထား ယှဉ်ပြိုင်သွားချိန် လီဗာပူး ဘာမှ မလုပ်နိုင်တော့ဘူးဆိုတဲ့ သုံးသပ်ချက်တွေ ထွက်နေပါတယ်။

ဖောရက်စ်ပွဲရလဒ်ကို စိတ်ပျက်ပေမယ့် အေစီမီလန်နဲ့ ချန်ပီယံလိဂ်ပွဲကို အာရုံစိုက်ရအောင်လို့ ဗန်ဒိုက်က တိုက်တွန်းနေပါတယ်။

ဒီရာသီ အန်ဖီးကွင်းရဲ့ အားပေးတဲ့ အငွေ့အသက်ဟာ စိတ်ပျက်ဖို့ကောင်းအောင် ပျော့ညံ့တယ်လို့ ဝေဖန်ချက်တွေ ထွက်နေပါတယ်။ အထူးသဖြင့် ဒေသခံလူငယ်ပရိသတ်တွေ ဝင်ခွင့် ပိုလျော့ကျလာပြီး ယူကျူဘာတွေလို အတွေ့အကြုံယူဖို့လောက် အပျော်ဝင်ကြည့်သူတွေက ပိုများလာနေတာလို့ ဆိုကြပါတယ်။

လီဗာပူးမြို့က တစ်ရာသီစာ လက်မှတ် ဝယ်ယူထားတဲ့ ဒေသခံ ပရိသတ်တွေဟာလည်း ပွဲကြီးပွဲကောင်းကလွဲရင် အခြားသောပွဲတွေ ဝင်ကြည့်ခွင့် လက်မှတ်အား ပွဲစဉ်အလိုက် ပြန်ရောင်းချမှုတွေကြောင့် အန်ဖီးကွင်းရဲ့ အငွေ့အသက်ကို ကျဆင်းလာစေပါတယ်။

နိုင်ငံတကာသီတင်းပတ်မှာ လက်ရွေးစင်အတွက် ဆက်တိုက်ကစားထားသလို ဖောရက်စ်ပွဲမှာလည်း ပွဲချိ်န်ပြည့် ကစားခဲ့တဲ့ ဆိုဘိုစလိုင်ကို အေစီမီလန်နဲ့ပွဲမှာ အနားပေးဖို့ တိုက်တွန်းနေကြပါတယ်။

ဒီကနေ့မှာ မန်စီးတီးရဲ့ ဘဏ္ဍာရေး ချိုးဖောက်မှု ၁၁၅ ခု ကိစ္စ စတင်ကြားနာပြီဖြစ်ကာ ပြိုင်ဘက်အသင်းတွေကတော့ အရေးယူမှု လုပ်နိုင်ဖို့ မျှော်လင့်နေပါတယ်။