ဖာမင်နို ဂုဏ်ပြုမှု၊ အယ်လစ္စတာအတွက် စျေးပြိုင် ကမ်းလှမ်းမှုရလိုနေတဲ့ ဘရိုက်တန်၊ ဥရောပဝင်ခွင့် ၁ နေရာ သေချာခြင်းနဲ့ လီဗာပူး နံနက်ခင်း သတင်းများ

လက်ကျန် ပွဲစဉ် ၂ ပွဲကစားဖို့ ကျန်ရှိနေသေးပေမယ့် လီဗာပူးအသင်းဟာ လာမယ့်ရာသီ ယူရိုပါလိဂ် ပြိုင်ပွဲမှာ ပါဝင်ခွင့်ရဖို့ သေချာသွားခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ လက်စတာကို ၃-၀ နဲ့ အနိုင်ရခဲ့ပြီး ပထမပိုင်းမှာ ကာတစ်ဂျုံးရဲ့ သွင်းဂိုး ၂ ဂိုး၊ ဒုတိယပိုင်းမှာ ထရန့်ရဲ့ တည်ကန်ဘောတွေကနေ ဂိုးရခဲ့တာဖြစ်ပါတယ်။ ၃ ဂိုးလုံးအတွက် ဆာလာက ဖန်တီးပေးသွားပါတယ်။ (ဟိုက်လိုက် ဗီဒီယိုအတို ထည့်သွင်းထားပါတယ်)

လီဗာပူးအသင်းရဲ့ နောက်ဆုံး အိမ်ကွင်းပွဲဖြစ်တဲ့ အက်စတွန်ဗီလာပွဲ မတိုင်ခင် ဒီကြားရက် ဗုဒ္ဓဟူးနေ့မှာ ဖာမင်နို လေ့ကျင့်ရေး ပြန်ဝင်မယ်လို့ ကလော့ပ်က ပြောပါတယ်။ ဒီအပတ်ပွဲဟာ ဘရာဇီးသားအပြင် နွေမှာ ထွက်ခွာသွားတော့မယ့် ကစားသမားတွေအတွက် နှုတ်ဆက်ပွဲ ဖြစ်လာဖွယ် ရှိနေပါတယ်။

ဒဏ်ရာကနေ ကာလရှည် အနားယူရပြီး ပြန်သက်သာလာခဲ့သလို ပုံမှန်ပွဲထွက်ခွင့်ရလာချိန် အသင်းအတွက် သွင်းဂိုးတွေနဲ့ ကူညီပေးနိုင်ခဲ့ခြင်းကို ဝမ်းသာတယ်လို့ ကာတစ်ဂျုံးက ထုတ်ပြောခဲ့ပါတယ်။

ထရန့်ကို ကွင်းလယ်မှာပဲ ဆက်ထားဖို့ ကာရေဂါက ထပ်မံ တိုက်တွန်းခဲ့ပြီး အမြဲတမ်း ကွင်းလယ်လူအဖြစ် သူ့ကို ဆက်မြင်လိုမှုတွေ တိုးပွှားလာနေဆဲဖြစ်ပါတယ်။

လက်စတာကို နိုင်ပွဲအပြီးမှာ လီဗာပူးပရိသတ်တွေက ဘော်ဘီကို ဂုဏ်ပြုသီချင်း သီဆိုပေးခဲ့ပြီး အသင်းသားတွေ အားလုံးက ဘော်ဘီနဲ့အတူ ပျော်ရွှင်စွာ အောင်ပွဲခံခဲ့ကြပါတယ်။ (လီဗာပူးပရိသတ်ဘက်ခြမ်းက ဘော်ဘီကို ဂုဏ်ပြုနေတဲ့ ဗီဒီယိုဖိုင် ထည့်သွင်းထားပါတယ်)

လက်စတာကို လီဗာပူးအသင်း အနိုင်ရသွားတဲ့နောက် ယာဂင်ကလော့ပ်က နယူးကာဆယ်နဲ့ မန်ချက်စတာ ယူနိုက်တက်ကို ခြိမ်းခြောက်လိုက်ပြီလို့ ဂယ်ရီနဗီးက မှတ်ချက်ပေးခဲ့ပါတယ်။

ဒီမနက် CBS Sports နဲ့ အင်တာဗျူးမှာ အယ်လစ္စတာ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ရိုမန်နိုက

“ ဘရိုက်တန်ဘက်ကတော့ အယ်လစ္စတာကော၊ ကိုင်ဆီဒိုပါ ဒီနွေမှာ အသင်းပြောင်းမယ်လို့ မျှော်လင့်ထားပြီ ဖြစ်ပါတယ်။ အယ်လစ္စတာအတွက် လီဗာပူးဘက်က အားကောင်းတဲ့ စိတ်ဝင်စားမှု ရှိထားပြီး စကားပြောဆိုမှုလည်း ရှိနေတယ်။ ဒါပေမယ့် အခုချိန်ထိ တရားဝင် ကိစ္စတွေ မဖြစ်သေးပါဘူး။ အံ့ဩစရာတွေ ဖြစ်လာနိုင်သလို ချယ်ဆီးကလည်း အယ်လစ္စတာကို ခေါ်ယူသွားနိုင်တာမို့ ကျနော်တို့ စောင့်ကြည့်ရပါမယ် ” လို့ သတင်းပေးခဲ့ပါတယ်။

ဘရိုက်တန်အသင်းက စာချုပ်မှာ ပြောင်းရွှေ့ကြေး ကန့်သတ်ချက်မရှိတဲ့ အယ်လစ္စတာအတွက် စျေးပြိုင် ကမ်းလှမ်းမှုရဖို့ မျှော်လင့်နေတာနဲ့အတူ လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ သူတို့ကစားသမားအတွက် အပြိုင် ချိတ်ဆက်လာကြဖို့ မျှော်လင့်နေပါတယ်။

ပိုချက်တီနို ရောက်လာခဲ့ရင်တောင် မေဆန်မောင့်ဟာ ဒီနွေမှာ ချယ်ဆီးကနေ ထွက်ခွာဖို့ကို ဦးတည်ဆဲဖြစ်ပြီး လီဗာပူးက ရေပန်းစားနေဆဲလို့ လန်ဒန် သတင်းဌာနတွေက ဆိုပါတယ်။