ဂက်ပို ခြေစွာခဲ့ခြင်း၊ နံပါတ် ၆ နေရာ အပိုင်သိမ်းထားနိုင်တဲ့ ဂရာဗင်ဘက်ချ်၊ တည်ကန်ဘောတွေကနေ ဂိုးရလာခြင်းနဲ့ အေစီမီလန်ပွဲအပြီး စကားစမြည်း ပြောစရာများ

လီဗာပူးအသင်းဟာ ဆန်စီယိုမှာ အထနှေးပြီး အစောပိုင်း မိနစ်တွေကို ရုန်းကန်ခဲ့ရပေမယ့် ကိုနတေး၊ ဗန်ဒိုက်တို့ ခေါင်းတိုက်ဂိုးတွေ သွင်းယူခဲ့သလို ဒုတိယပိုင်းမှာ ဆိုဘိုစလိုင်က ပွဲသိမ်းဂိုး သွင်းပေးခဲ့ပါတယ်။

အပြောင်းအလဲ အနည်းငယ်ရှိခဲ့တဲ့ အသင်းရဲ့ စွမ်းဆောင်ရည်ဟာ ကျေနပ်စရာ ကောင်းခဲ့သလို ဒီပွဲမှာတော့ ဂက်ပိုရဲ့ ခြေစွမ်းဟာ သဘောကျစရာကောင်းခဲ့ပါတယ်။ ရာသီသစ်ရဲ့ ပထမဆုံး ချန်ပီယံလိဂ်နိုင်ပွဲကနေ စကားပြောစရာလေးတွေကို LFCThaDin ဖတ်ရှုသူတွေနဲ့အတူ လေ့လာကြည့်ပါမယ်။

အထင်ကြီးစရာ ဂက်ပို

ဒီနေ့ပွဲမှာ နည်းပြဆလော့ဟာ အပြောင်းအလဲ ၂ ရပ်အဖြစ် ဘယ်ခြမ်းက ရော်ဘတ်ဆန်နဲ့ ဒီယက်ဇ် အတွဲအစား ကိုစတက်နဲ့ ဂက်ပိုတို့ကို ထုတ်သုံးခဲ့ပါတယ်။ အလှည့်ကျလူထုတ်မှု လုပ်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာ ပြဿနာ ရှိနေတာမျိုး မဟုတ်ပါဘူး။

ယူရိုမှာ ခြေစွာခဲ့တဲ့ ဂက်ပိုဟာ ပထမဆုံးသော ပွဲထွက်လူစာရင်းက ပါဝင်ခွင့်ရချိန်မှာ အထင်ကြီးလောက်စရာ ခြေစွမ်းကောင်းကို ပြသခဲ့ပါတယ်။ သူကိုယ်တိုင် ဂိုးမသွင်းနိုင်ပေမယ့် အန္တရာယ်ကြီးတဲ့ အခိုက်အတန့်တွေကို မကြာခဏ ဖန်တီးပေးခဲ့သလို ဆိုဘို ဂိုးသွင်းနိုင်အောင် ကူညီခဲ့တယ်။

ပရီးမီးယားလိဂ်မှာ လူးဝစ် ဒီယက်ဇ် နေရာရပေမယ့် လာမယ့် ပွဲတွေမှာ ဂက်ပိုကို ပွဲထုတ်လို့လည်း ဘယ်ခြမ်းက အားနည်းစရာ မရှိပါဘူး။

ဖောရက်စ်ပွဲလို အခိုက်အတန့်

စနေနေ့တုန်းက အိုဒွိုင်းရဲ့ သွင်းဂိုးကို လီဗာပူးတို့ ပြန်ချေပနိုင်ခြင်း မရှိခဲ့ပေမယ့် ဒီပွဲမှာတော့ အသင်းဟာ မထင်ထားတဲ့ ဦးဆောင်ခွင့်ပေးရမှုကြောင့် ပြာထွက်မသွားဘဲ ခပ်မြန်မြန် တုန့်ပြန်မှုတွေ ပြသခဲ့ပါတယ်။

ပွဲအစပိုင်းမှာ အထနှေးခဲ့ပေမယ့် ၁၀ မိနစ် နောက်ပိုင်းကနေ ပွဲပြီးတဲ့ထိ လီဗာပူးကပဲ ကစားပွဲကို ချုပ်ကိုင်သွားခဲ့ပါတယ်။ ဆာလာ ခြေစွမ်းကောင်းတွေ ပြန်ပြခဲ့ကာ တိုက်စစ်မှူးနေရာက ဂျိုတာကော လူစားဝင်လာတဲ့ ဒါဝင်ကော လိုအပ်ချက်တွေ ရှိခဲ့ပါတယ်။

ဖောရက်စ်ကို အိမ်ကွင်းမှာ ရှုံးခဲ့လို့ လူတိုင်းက လီဗာပူးကို သံသယတွေ ပြန်ဝင်လာချိန်မှာ ချန်ပီယံလိဂ်မှာ ပြသသွားတဲ့ စွမ်းဆောင်ရည်က သဘောတွေ့စရာ ဖြစ်ခဲ့ပါတယ်။

နံပါတ် ၆ သမားနေရာ ဖြည့်နိုင်ပြီလား

ရာသီစ ၅ ပွဲမှာတင် ဒီရာသီ လီဗာပူးရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ဂရာဗင်ဘက်ချ်ပဲ ရလိမ့်မယ်လို့ ခန့်မှန်းချက်တွေ ထွက်ပေါ်နေပါပြီ။ လီဗာပူးကွင်းလယ်ဟာ မာကာ၊ ဆိုဘို၊ ဂရာဗင်ဘက်ချ် တွဲဘက်မှုမှာ အတော်လေး ဟန်ချက်ညီ ကောင်းမွန်နေပါတယ်။

အေစီမီလန်ပွဲကတော့ ဂရာဗင်ဘက်ချ်ထံက ခံစစ်ပိုင်း ကူနိုင်စွမ်းတွေကို မြင်ခဲ့ရတာပါ။ ကြားဖြတ်ယူနိုင်မှု ၆ ကြိမ် ရှိခဲ့သလို ကိုနာတေး နေရာမှန်မှာ ရှိမနေချိန် ဂရာဗင်ဘက်ချ်ကပဲ တစ်ကြိမ် ကယ်တင်ခဲ့ပါသေးတယ်။

ဆိုဘိုစလိုင်ရဲ့ သွင်းဂိုးဟာ ဂရာဗင်ဘက်ချ်ရဲ့ ကြားဖြတ်ဘောလုံးယူပြီး ပြိုင်ဘက်ကစားသမား ၃ ဦးကြားကနေ တိုက်စစ်ကို တိုက်ရိုက် ဘောလုံးပေးနိုင်ခြင်းက စတင်ခဲ့တာ ဖြစ်ပါတယ်။

ဘယ်ခြမ်းပြဿနာ

ရော်ဘတ်ဆန်နေရာ အစားဝင်လာတဲ့ ကိုစတက်ဟာ ဒီပွဲမှာ တိုက်စစ်လိုက်ရင် မဆိုးပေမယ့် ခံစစ်ကာကွယ်တဲ့အပိုင်း လိုအပ်ချကရှိပါတယ်။

အသက် ၃၁ နှစ်အရွယ် ရော်ဘတ်ဆန်နဲ့ ကိုစတက်တို့ရဲ့ ဘယ်ခြမ်းနေရာမှာ ဘယ်ခြမ်းအားသန် ခံစစ်မှူး တစ်ဦးကို အားဖြည့်မှပဲ ထရန့် ကွင်းလယ်ဝင်သွားတဲ့အခါ ဖြစ်ပေါ်သွားမယ့် ၃ ယောက်တန်း ခံစစ်ဟာ ဟန်ချက်ညီဖွယ် ရှိပါလိမ့်မယ်။

တည်ကန်ဘောကနေ ဂိုးပြန်ရခြင်း

မနှစ်ကရာသီမှာ လီဗာပူးအသင်းဟာ set-piece တွေကနေ သွင်းဂိုး ၁၅ ဂိုးထိ ရခဲ့ပါတယ်။ ဒါပေမယ့် အသင်းဟာ ထောင့်ကန်ဘောတွေ set-piece တွေကို အဖြုန်းတီးဆုံး အသင်းတွေထဲလည်း ပါဝင်နေပါတယ်။

ပရီးမီးယားလိဂ် အဖွင့် ၄ ပွဲအတွင်း ထောင့်ကန်ဘော များစွာကို လီဗာပူးအသင်းက ဖြုန်းတီးခဲ့ပေမယ့် ဒီပွဲမှာတော့ ဗန်ဒိုက် ခေါင်းတိုက်သွင်းခဲ့ပါတယ်။ ထရန့်ရဲ့ တည်ကန်ဘောကို ကိုနတေး ခေါင်းတိုက်သွားတာကလည်း သပ်ရပ်ပါတယ်။

အာနယ် ဆလော့ကတော့ တည်ကန်ဘော အခြေအနေတွေကို အများ​ကြီး ပြင်ဆင်ထားတယ် ပြောပါတယ်။ ဗန်ဒိုက်နဲ့ ကိုနတေးလို လိဂ်ရဲ့ အရပ်အမောင်း အကောင်းဆုံး ခံစစ်မှူး ၂ ဦး ရှိနေတာမို့ ထောင့်ကန်ဘောတွေ ပိုမို အသက်ဝင်လာဖို့ မျှော်လင့်ပါတယ်။