ကျစ်လစ်လာတဲ့ ခံစစ်၊ မထပ်သေးတဲ့ ကွင်းလယ်၊ ပထမဆုံး ပွဲထွက်မှာ စိတ်မပျက်စေခဲ့တဲ့ ဒါဝင်နဲ့ ဘုန်းမောက် နိုင်ပွဲအပြီး စကားပြောစရာများ

အန်ဖီးကွင်းမှာ ဘုန်းမောက်ကို အနိုင်ယူခြင်းနဲ့အတူ ဖောရက်စ်ပွဲဟာ ခြေချော်ခဲ့တာ သပ်သပ်ဖြစ်ကြောင်း သက်သေပြခဲ့ပါတယ်။

ဒါဝင်၊ ဒီယက်ဇ်တို့ရဲ့ သွင်းဂိုးတွေဖြင့် ဂိုးပြတ်အနိုင်ရခဲ့တဲ့ မနေ့ကပွဲအတွက် စကားပြောစရာ အချို့ကို LFCThaDin ဖတ်ရှုသူတွေနဲ့ ကောက်နုတ်ကြည့်မှာဖြစ်ပါတယ်။

ဆလော့ လက်ထက် ခြေစွမ်း တစ်ဆင့်မြင့်လာသူများ

ဒီပွဲမှာ သွင်းဂိုး ၂ ဂိုး သွင်းခဲ့တဲ့ ဒီယက်ဇ်ဟာ လက်ရှိ ပရီးမီးယားလိဂ်မှာ ဟာလန်းနောက် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ၅ ဂိုး ရထားပါပြီ။ ဒါဟာ မနှစ်က သူရခဲ့တဲ့ ပရီးမီးယားလိဂ် သွင်းဂိုး ၈ ဂိုးကို လိုက်မှီဖို့ ၃ ဂိုးပဲ လိုတော့တာပါ။

ဒီယက်ဇ်ရဲ့ တောက်ပမှုဟာ အာနယ် ဆလော့ လက်ထက်မှာ သိသာလာခဲ့ပြီး ဘယ်ခြမ်းမှာ အတော်လေး အားကိုးရတဲ့ တိုက်စစ်သမားဖြစ်နေပါပြီ။ လီဗာပူးအသင်းမှာ သူ အပါအဝင် ခီယေဆာ၊ ဂက်ပိုနဲ့ ဒါဝင်တို့ကိုလည်း မတူညီတဲ့ ဘယ်တောင်ပံသမားတွေအဖြစ် သုံးလို့ရနေဆဲဖြစ်ပါတယ်။

ကွင်းလယ်မှာလည်း ဂရာဗင်ဘက်ချ်ရဲ့ ပိုပိုကောင်းလာတဲ့ ခြေစွမ်းကို ပရိသတ်တိုင်း သတိပြုမိနေပါပြီ။ မာကာရဲ့ ဟန်ချက်ညီညီ တွဲကစားနိုင်မှုကြောင့် ဂရာဗင်ဘက်ချ် အခုလို လုပ်ပြနိုင်နေတာဖြစ်ပြီး ဒီတိုးတက်မှုအတိုင်းဆိုရင် ပရီးမီးယားလိဂ် အကောင်းဆုံး ကွင်းလယ်တွေထဲက တစ်ဦး ဖြစ်လာပါလိမ့်မယ်။

စောင့်ရတာ တန်ခဲ့တဲ့ ဒါဝင်

ဆလော့ လက်ထက် ပထမဆုံး ပွဲထွက်ခွင့်ရချိန်မှာ ဒါဝင်ဟာ ထူးချွန်ခြေစွမ်း ပြသခဲ့ပါတယ်။ သူဟာ နံပါတ် ၉ သမားအဖြစ် တိုက်စစ်ပိုင်းကို ဦးဆောင်ကစားပေးတာတင် မကဘဲ ခံစစ်ပိုင်း ကူညီမှုတွေကိုလည်း လုပ်ဆောင်ပေးခဲ့ပါတယ်။

ဒါဝင်ရဲ့ မပြတ်သားဘဲ ခပ်ပျော့ပျော့ ပေးချက်တွေ နေရာယူဖို့ အဆင်သင့် မရှိတာမျိုးတွေ ရှိနေဆဲဆိုပေမယ့် သူ့ကို ကြည့်ရတာ ပုံစံကောင်းတွေ ပြနိုင်ရေး ကြံ့ခိုင်မှုကော စိတ်ဓါတ်ပိုင်းမှာပါ အဆင်သင့်ဖြစ်နေပုံရပါတယ်။ ဒီသွင်းဂိုးက ယုံကြည်မှုပိုင်းပါ အားဖြည့်ပေးပါလိမ့်မယ်။

ကွင်းလယ်ကို လိုအပ်သလို ချိန်းကစားလာခြင်း

လီဗာပူးကွင်းလယ်ဟာ ဆိုဘိုစလိုင်၊ မက်ကယ်လစ္စတာ၊ ဂရာဗင်ဘက်ချ်ကိုပဲ ပုံမှန် ထုတ်သုံးပေမယ့် အသုံးချမှုကတော့ မထပ်သလောက်ပါပဲ။ ဘုန်းမောက်ကို ရင်ဆိုင်ရာမှာ ဒါဝင်က တစ်ဆင့်ဆင်းပြီး ဆိုဘိုစလိုင်နဲ့ တန်းတူ အနေအထားမှာ ဝင်ရောက် တာဝန်ယူခဲ့တယ်။

ပုံမှန်အားဖြင့် ခံစစ်ရှေ့မှာ ကွင်းလယ်လူ ၂ ယောက်ထားထားပေမယ့် မကြာခဏဆိုသလို ဂရာဗင်ဘက်ချ်က အတွင်းမှာ တစ်ဦးတည်း နေရာယူခဲ့ပြီး မာကာကို ရှေ့တက်ကစားစေတာမျိုးလည်း ရှိခဲ့ပါတယ်။

လီဗာပူးကွင်းလယ်ဟာ သတ်မှတ်ထားတဲ့ နေရာတစ်ခုမှာ ပုံသေကစားတာမျိုးထက် လိုက်လျောညီထွေ ရွှေ့လျားကစားလာနေပြီး ထရန့်ပါ ပူးပေါင်းပါဝင်လာနေပါတယ်။

ကျစ်လစ်လာတဲ့ ခံစစ်

ထရန့်ထံက တိုက်စစ်ပိုင်း အခွင့်အရေး ဖန်တီးမှုအပြင် ခံစစ်ပိုင်း ကာကွယ်ဖို့ ကြိုးစားတာတွေ မြင်လာရသလို ကိုနတေးကလည်း တစ်ပွဲပြီးတစ်ပွဲ ပိုကောင်းလာနေပါတယ်။ ခံစစ်တန်း တစ်ခုလုံးဟာ ပိုမို အထိုင်ကျလာနေကာ ကြားရက်မှာ အနားရထားတဲ့ ရော်ဘတ်ဆန်ကလည်း အားထုတ်မှုကောင်းတွေ လုပ်ပြနိုင်ခဲ့ပါတယ်။

လီဗာပူးအသင်းဟာ အထနှေးနေတာ ၂ ပွဲဆက်တိုက် ရှိနေပေမယ့် ခံစစ်ပိုင်း မာကျောမှုကတော့ သိသိသာသာကို ပိုကောင်းလာနေပါတယ်။ ပရီးမီးယားလိဂ် ၅ ပွဲ ကစားထားပြီးချိန်မှာ ခံစစ်က ဂိုးမပေးရတာ ၄ ပွဲထိ ရှိနေပါပြီ။ ဒီပွဲမှာ ကလယ်ဟာရဲ့ ထူးချွန် လက်စွမ်းကိုလည်း အသိအမှတ် ပြုရပါမယ်။

တောင်ပံကစားအား လျော့ချလာခြင်း

ဒီနောက်ပိုင်းမှာ လီဗာပူးအသင်းဟာ တောင်ပံကစားအားကို သိသိသာသာ လျော့ချလာနေပါတယ်။ ထရန့်နဲ့ ရော်ဘတ်ဆန်တို့ဟာ တိုက်စစ်သမားနဲ့ ချိတ်ဆက်ပြီး တောင်ပံတွေ သွားကစားတာမျိုးအစား ကွင်းလယ်လူတွေနဲ့ ခပ်နီးနီး ဝင်ကစားတာကိုပဲ ပိုမို အာရုံစိုက်လာတယ်။

ဆာလာနဲ့ ဒီယက်ဇ် ကိုယ်တိုင်ကလည်း အတွင်းထဲကို ဝင်ကစားဖို့ အမြဲတမ်း အဆင်သင့် ပြင်ဆင်လာပါတယ်။ ဒါကြောင့်ပဲ လီဗာပူးရဲ့ ထောင့်ကန်ဘော ရနိုင်ချေက အတော်လေး နည်းပါးလာတာမျိုး မြင်လာရတာဖြစ်ပါတယ်။