ဒါဝင်ရဲ့ သွင်းဂိုးကို သဘောမကျကြောင်း ဝန်ခံခဲ့ကာ သူ့ထင်တာ မှားခဲ့ပါတယ်ဆိုတဲ့ ဆလော့

အန်ဖီးမှာ ဘုန်းမောက်ကို ၃-၀ ဖြင့် အနိုင်ရတဲ့ပွဲအတွင်း ဒါဝင် ဂိုးသွင်းမယ့် အနေအထားကို မြင်ခဲ့စဉ်မှာ သူ သဘောမကျခဲ့ကြောင်း နည်းပြ အာနယ် ဆလော့က ဝန်ခံလိုက်ပါတယ်။

နံပါတ် ၉ တိုက်စစ်သမားထံက ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို မြင်ခဲ့ရပြီး နည်းပြသစ် လက်ထက် ပွဲထွက်က ပါဝင်ခွင့်ရတဲ့ ပထမဆုံးပွဲမှာ အဆင့်မြင့်တဲ့ သွင်းဂိုး ၁ ဂိုးကို ဒါဝင် သွင်းယူခဲ့တာပါ။

ဒါဝင်ရဲ့ အခုလို သွင်းဂိုးမျိုးကို ပရိသတ်တွေ မကြာခဏ မြင်ဖူးပေမယ့် အာနယ် ဆလော့က အခုမှ မြင်ဖူးတာဖြစ်ပါတယ်။

ဒါကြောင့်ပဲ ဆလော့က “ သူ ကန်ထည့်တော့မှာကို မြင်တော့ ကျနော် ပထမဆုံး တွေးမိတာက ဘာကြောင့် အဲ့နေရာက ကန်မှာလဲပေါ့။ ကျနော်သဘောဆိုရင် ဘောလုံးနဲ့အတူ ဆက်ပြီး လှည့်ထွက်မယ်ဗျာ ဒါဆိုရင် ခံစစ်သမားက ပစ်လဲကျန်ခဲ့နိုင်တာပဲ။

ဒါပေမယ့် အတွေးမဆုံးခင်မှာပဲ ဘောလုံးဝင်သွားတာကို မြင်လိုက်ပါတယ်။ အဲ့မှာတင် ဒါဝင်က ကျနော် ဘောလုံးကန်တုန်းကထက် ပိုကောင်းတဲ့ ကစားသမားတစ်ယောက် ဆိုတာ သိလိုက်တာပဲ။ သူက ကောင်းမွန်တဲ့ ရွေးချယ်မှု လုပ်ခဲ့တာပါ ” လို့ ရယ်ရယ်မောမော ပြောဆိုခဲ့ပါတယ်။

ဆလော့ကပဲ ဂျိုတာကို False 9 သမားအဖြစ် ကင်ပွန်းတပ်ခဲ့ကာ ဒါဝင်ကတော့ နံပါတ် ၉ သမား စစ်စစ်အဖြစ်လည်း ဖော်ညွှန်းခဲ့သေးပြီး သူ့ရဲ့ တိုက်စစ်သမား နှစ်ဦးဟာ မတူညီတဲ့ အရည်အချင်း ရှိကြောင်းလည်း ညွှန်းဆိုခဲ့သေးတာ ဖြစ်ပါတယ်။