နည်းပြရဲ့ ယုံကြည်မှုနဲ့ ထိုက်တန်ကြောင်းပြတဲ့ ပွဲထွက် ၁၁ ဦး
ယာဂင်ကလော့ပ်ဟာ ဒီရာသီအတွက် သူအကြိုက်ဆုံး ပွဲထွက် ၁၁ ဦးကို ရှာတွေ့ခဲ့ပြီဖြစ်ကာ နောက်ပိုင်းပွဲတွေမှာ ဒီလူစာရင်းကို ဆက်တိုက် ပွဲထုတ်လာခဲ့ပါတယ်။
တိုက်စစ်ပိုင်း စတင်မှု နှေးကွေးပေမယ့်လို့ ဘောလုံးကို ကောင်းကောင်းထိန်းချုပ်ပြီး ပွဲကို လွှမ်းမိုးဖို့ရာ လီဗာပူးအသင်း အချိန်ကြာကြာ မယူခဲ့ရပါဘူး။ ခံစစ်ပိုင်း ကျစ်လစ်မှုကြောင့်လည်း လက်စတာဘက်က အခွင့်အရေး မယ်မယ်ရရ မရှာနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဖာဘင်ညိုနဲ့ ကိုနတေးတို့ ခြေစွမ်း တောက်လျှောက် တက်နေတဲ့နောက် ကစားကွက်က အတော်လေး ငြိမ်လာခဲ့ပါတယ်။ ဒီယက်စ်ကတော့ ပထမပိုင်း ၄၅ မိနစ်ထက် ဒုတိယပိုင်းမှာ ပိုကောင်းခဲ့ပါတယ်။ အယ်လီဆန်က ကာကွယ်မှုတွေ သိပ်မလုပ်ရပေမယ့် လီဗာပူးရဲ့ ခံစစ်ဧရိယာတစ်ဝိုက် သူ့ရဲ့ လွှမ်းမိုးမှု ကြီးမားခြင်းဟာ အရမ်းကို ကျေနပ်ဖို့ ကောင်းခဲ့ပါတယ်။
စူပါ ဂျုံး
ကစားသမားဘဝ အလှည့်အပြောင်း တစ်ခုကို ကာတစ်ဂျုံး လုပ်နိုင်နေခဲ့ပါပြီ။ ရာသီဝက်တုန်းက ဒီနွေမှာ လီဗာပူးအသင်း ရောင်းထုတ်သွားနိုင်တယ်လို့ သတင်းကြီးခဲ့တဲ့ ကာတစ်ဂျုံးဟာ လက်ရှိ ကစားကွက်မှာ ဖိအားပေးမှုကို ဦးဆောင်သူအဖြစ် ဖောက်ထွက်လာခဲ့ပါတယ်။
ဒီအပတ်တွေအတွင်း နည်းစနစ်ပိုင်းအရ ကာတစ်ဂျုံးရဲ့ အရေးပါမှုဟာ အတော်လေး မြင့်မားလာပါတယ်။ သူဟာ ခံစစ်ပိုင်း ကူညီမှုတွေမှာလည်း တိုးတက်လာတယ်။ ယုံကြည်မှုရှိစွာ ကစားနိုင်ပြီး အခုဆိုရင် သွင်းဂိုးတွေအတွက်ပါ မြင်နိုင်စွမ်း ရှိလာနေပါပြီ။ တိုက်စစ်အားသန်ကွင်းလယ် ဒါမှမဟုတ် တောင်ပံသမားဆန်ဆန်ပါ ကစားနေရတာက သူနဲ့ ကိုက်ပါတယ်။
လာမယ့်ရာသီမှာ ကွင်းလယ်လူသစ်တွေ ခေါ်ယူသွားမယ် ဆိုပေမယ့်လို့ ကစားကွက်မှာ အထိုင်ကျနေတဲ့ အခံကစားသမားတွေ ရှိနေဖို့ကလည်း အရေးကြီးပါတယ်။ ဂျုံးရဲ့ တောက်ပလာမှုဟာ ဟာဗေးတောင် အရန်ခုံ ရောက်နေစေတာဖြစ်လို့ ကွင်းလယ် အားပြိုင်မှုတွေ ပိုပြင်းထန်လာတော့မှာပါ။
တိုက်စစ်အတွက် သော့ချက်
ကလော့ပ်က ကစားသမားသစ်တွေထဲ ဂက်ပိုရဲ့ နည်းစနစ်ပိုင်း စွယ်စုံသုံးနိုင်စွမ်းကို အတော်လေး သဘောကျဟန်ရှိပါတယ်။ အထောင်တိုက်စစ်နေရာမှာ ဂက်ပိုက ကိစ္စတိုင်းတော့ မလုပ်နိုင်ပါဘူး။ ဒါပေမယ့် ဘောလုံးပိုင်ဆိုင်မှုတွေ ပြန်ယူပေးနိုင်တာရယ်၊ အကြိမ်များစွာ ဘောလုံးဝင်လုမှုတွေ အောင်မြင်တာရယ်အပြင် တိုက်စစ်အတွက် ဖန်တီးပေးမှုတွေ ကောင်းပါတယ်။
ဆာလာအတွက် သူဖန်တီးပေးတဲ့ အလုံးဆိုရင် ဒီထက်ပိုကောင်းတဲ့ ပေးချက်မျိုး မရနိုင်တော့ပါဘူး။ ဆာလာက အပိုင်အခွင့်အရေး ဖြုန်းတီးပေမယ့် ဒီပွဲမှာ တစ်ပွဲတည်း ဂိုးဖန်တီးမှု ၃ ကြိမ် လုပ်ပေးသွားခဲ့ပါတယ်။ အကယ်လို့ သူ နောက်ထပ် သွင်းဂိုး ၁ ဂိုးရရင် ရမယ့် စံချိန်တွေက အများကြီးပါ။
လီဗာပူးအသင်း ၇ ပွဲဆက်တိုက် နိုင်ပွဲရမှုမှာ ဆာလာရဲ့ တည်ငြိမ်တဲ့ ခြေစွမ်းကလည်း အဓိကကျတာဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ မာကျောလှတဲ့ ဆာလာဟာ သူအပိုင်စားရထားတဲ့ ညာခြမ်းကနေ တိုက်စစ်အသင်းဖော်တွေအတွက် နေရာလွတ်တွေ အများကြီးကို ပေါ်ထွက်စေခဲ့သူဖြစ်ပါတယ်။
လီဗာပူးရဲ့ စနစ် ဖြစ်လာတဲ့ ထရန့်
ကလော့ပ်ရဲ့ စနစ်သစ်ဟာ ထရန့်ရဲ့ ဖန်တီးနိုင်စွမ်းတွေအပေါ်မှာ အခြေခံထားတာလို့ ဆိုရင် မမှားပါဘူး။ ထရန့်ဟာ ညာအစွန်မှာ ကစားတာထက် ပိုပြီး အရေးကြီးလာတယ်။ သူမပါရင် လီဗာပူးရဲ့ ကစားကွက် ဘယ်လိုဖြစ်မလဲ ဆိုတာကိုလည်း စိုးရိမ်လာရပါတယ်။ ပွဲတိုင်း သူ့ကို သုံးနိုင်ဖို့ နည်းလမ်းရှာရမှာပါ။
အပြောင်းအရွှေ့ စျေးကွက်မှာ လီဗာပူးအသင်းက ညာအစွန်လူ တကယ်ပဲ ခေါ်ယူသင့်သလား ဆိုတာကလည်း ဆွေးနွေးစရာပါပဲ။ လက်ရှိမှာ ထရန့်က ညာခြမ်းနဲ့ ကွင်းလယ်နေရာ ပူးတွဲ တာဝန်ယူနေပြီး ညာခြမ်းစစ်စစ်ကို ထည့်ကာ ထရန့်ကို ကွင်းလယ်လူအဖြစ် လုံးဝ နေရာပြောင်း ကစားစေသင့်သလားဆိုတဲ့ ကိစ္စကလည်း စိတ်လှုပ်ရှားစရာပါ။
ဘာပဲဖြစ်ဖြစ် လက်စတာပွဲမှာတော့ ထရန့်က အဓိကပါပဲ။ သိပ်ကောင်းတဲ့ ပေးချက်တွေ၊ အဝေးဘော ပေးမှုတွေ၊ ဘောလုံးလုယူရေး အောင်မြင်တွေအပြင် ဆာလာနဲ့ ချိတ်ဆက်ပြီး ကန်သွင်းသွားတဲ့ တည်ကန်ဘောတွေနဲ့အတူ အကောင်းဆုံး ခြေစွမ်းကို ပြသခဲ့ပါတယ်။
ရာသီကုန်ဖို့ နီးလာပြီး ရည်မှန်းချက်နဲ့ ဝေးနေသေးခြင်း
၂ ပွဲပဲ ကစားရပါတော့မယ့်။ ကိုယ့်ကံကြမ္မာ ကိုယ်ဆုပ်ကိုင်ထားခွင့် မရှိသေးဘဲ အခုချိန်ထိ ပြိုင်ဘက်တွေ ခြေချော်မှာကို စောင့်ကြည့်နေရဆဲပဲ ဖြစ်ပါတယ်။ လာမယ့် အက်စတွန်ဗီလာပွဲမှာ ဘော်ဘီ အပါအဝင် စီနီယာအချို့ကို နှုတ်ဆက်သွားမယ့် အကြောင်း ကလော့ပ်က ပြောဆိုထားပြီး အဲ့မတိုင်ခင် အမှတ်ပေးဇယားအတွက် သတင်းကောင်း အချို့ကြားရရင် ပိုကောင်းမှာပါ။
လာမယ့်ရာသီ ယူရိုပါလိဂ်ပဲ ဝင်ပြိုင်ရရင်တောင် လက်ခံရမယ်ဆိုပေမယ့် နောက်ဆုံး အချိန်ထိတော့ မျှော်လင့်ချက်တွေကို လက်မလျော့လိုသေးပါဘူး။