လီဗာပူးနဲ့ ဖလားလုရတာကို အာဆင်နယ်နဲ့ လုရတာထက် ပိုသဘောကျကြောင်း ထုတ်ပြောတဲ့ ဘာနာဒို

မန်စီးတီး ကွင်းလယ်လူ ဘာနာဒိုက အီတီဟတ်မှာ အာဆင်နယ်ကို ၂-၂ သရေကျတဲ့ပွဲအပြီး လီဗာပူးနဲ့ ဖလားပြိုင်ရတဲ့ နေ့ရက်တွေကို သတိရနေဟန် ရှိပါတယ်။

ပရီးမီးယားလိဂ်ဖလားကို အဓိက စိန်ခေါ်တဲ့ အသင်းတွေဟာ ဒီနှစ်နှစ်အတွင်း အပြောင်းအလဲ ဖြစ်လာပြီး မန်စီးတီးရဲ့ အဓိက စိန်ခေါ်သူက လီဗာပူးအစား အာဆင်နယ် ဖြစ်လာခဲ့တာပါ။

ဒါပေမယ့် လီဗာပူးနဲ့တုန်းကလို သူနိုင် ကိုယ်နိုင် အပြိုင်ကျဲရတာ မဟုတ်ဘဲ အာဆင်နယ်က အမြဲတမ်း ခံစစ်ပိတ်ကစားနေကြောင်း ဘာနာဒိုက ထုတ်ပြောလာခဲ့တယ်။

စီးတီးရဲ့ ဖလား စိန်ခေါ်ဘက် နှစ်သင်းကြား ဘာကွာလဲ မေးခံရချိန်မှာ ” လီဗာပူး၊ အာဆင်နယ်တို့နဲ့ ယှဉ်ပြိုင်ရတာ သူတို့နှစ်သင်းကြား ဘာကွာလဲဆိုရင်လား?

လီဗာပူးအသင်းကတော့ ပရီးမီးယားလိဂ်ဖလား ရဖူးပြီး အာဆင်နယ်က မရဖူးပါဘူး။ လီဗာပူးက ချန်ပီယံလိဂ်လည်း ရခဲ့ဖူးတယ် အာဆင်နယ်က မရဖူးပါဘူး။ လီဗာပူးက ကျနော်တို့ကို ရင်ဆိုင်ရတိုင်း နိုင်ဖို့အတွက်ပဲ ဦးတည်ကစားလေ့ရှိပါတယ်။

အာဆင်နယ်ကို ရင်ဆိုင်ရတာက လီဗာပူးကို ရင်ဆိုင်ရတာနဲ့ မတူသလို အဲ့လို ခံစားချက်လည်း မရပါဘူး။ နှစ်သင်းက မတူညီတဲ့ ပြိုင်ဘက်တွေဖြစ်နေလို့လည်း နေမှာပေါ့လေ။

ဒီနေ့ပွဲမှာ (မနေ့ညကပွဲ) အနိုင်ရဖို့ ကစားတာ ကျနော်တို့ တစ်သင်းတည်းရှိပြီး ကျန်အသင်းကတော့ ဖြစ်နိုင်သလောက် အကန့်အသတ်တွေနဲ့ပဲ ကစားခဲ့တယ်။ ဒိုင်လူကြီးကလည်း ဒါကို ခွင့်ပြုပေးနေခဲ့ပါတယ်။ ” လို့ ဆိုသွားပါတယ်။

ဒီရာသီမှာ နည်းပြပြောင်းထားတဲ့ လီဗာပူးအသင်းဟာ ခြေစွမ်းကောင်းတွေ ပြသနေကာ ပရီးမီးယားလိဂ် စိန်ခေါ်ပွဲထဲ ဝင်လာဦးမလား စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။