

စနေနေ့က ဘုန်းမောက်ကို ၃-၀ နဲ့ အနိုင်ရတဲ့ပွဲမှာ ခံစစ်မှူး အီဘူးက ထူးချွန်ခြေစွမ်း ပြသခဲ့ပြီး ဒီယက်ဇ်ရဲ့ အဖွင့်ဂိုးနဲ့ ဒါဝင်ရဲ့ သွင်းဂိုးတွေအတွက် ခံစစ်ကနေ ဘောလုံးထုတ်ပေးခဲ့ပါတယ်။
နည်းပြဆလော့ကတော့ ပြိုင်ဘက် ကစားသမားတွေက အီဘူးကို လူမကပ်ဘဲ ဗန်ဒိုက်လောက် လူကပ်နေကြတာကြောင့် အသင်းက လွတ်လပ်စွာ ကစားခွင့်ရနေတယ်လို့ ဖော်ထုတ်လာပါတယ်။
ဆလော့က “ အီဘူးကိုများ အားနည်းချက်အဖြစ် ပြိုင်ဘက်တွေ မြင်နေကြတာလား မသိဘူး။ ပြိုင်ဘက်တွေက ဗန်ဒိုက်ကိုတော့ သူ့ရဲ့ သန်မာလွန်းမှုအတွက် ရှိန်ကြတယ်။
ဗန်ဒိုက်ကြီး သန်မာလွန်းတာကြောင့်ပဲ လူတွေက အီဘူးကို အရမ်းကြီး ထည့်မတွက်ကြတာမျိုး ဖြစ်ရင်ဖြစ်ပါလိမ့်မယ်။ ခံစစ်ကနေ ဗန်ဒိုက်ကပဲ ဘောလုံးထုတ်မယ်လို့ ထင်နေကြတာမျိုးပေါ့။
ကျနော်တို့လည်း အံ့ဩတာပါပဲ။ ကျနော်တို့ ကစားခဲ့သမျှ ပွဲတိုင်းနီးပါးမှာ ပြိုင်ဘက် နံပါတ် ၁၀ သမားတွေက ဘယ်ခြမ်း ခံစစ်မှူးဖြစ်တဲ့ ဗန်ဒိုက်ကိုပဲ ဖိအားပေးဖို့ ကြိုးစားကြတယ်။ သူတို့ စပြီး ဖိအားပေးလိုက်ရင် ဗန်ဒိုက်ဘက်ခြမ်းပါပဲ။
ကျနော်တို့ အတွက်တော့ သိပ်ကောင်းတာပေါ့။ အီဘူးကြောင့်ပဲ ဂိုးရနေတာ ၃ ဂိုးလောက် ရှိနေပြီလေ။ ဒါပေမယ့် သူတို့ ဗန်ဒိုက်ကို သွားမကပ်ရင်လည်း ကျနော်တို့ အခုရထားတဲ့ ဂိုးတွေထက် ပိုရနေလောက်ပါပြီ။
ပြိုင်ဘက်တွေက အီဘူးကို သွားပြီး လူကပ်မယ်ဆိုရင်လည်း သူတို့ကို ကိုင်တွယ်ပြီး အသင်းဖော်တွေကို ဘောလုံးပေးဖို့ အီဘူးလုပ်နိုင်တာကို ကျနော်တို့ မြင်နေရတာပါပဲ ” လို့ ဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။