လီဗာပူးထက် ပိုကောင်းကောင်း ကစားနိုင်ခဲ့သလို အနိုင်ရသင့်တာ ဝက်စ်ဟမ်းပါ ဆိုတဲ့ နည်းပြ လိုပတ်တီဂူ

လီဗာပူးအသင်းဟာ အန်ဖီးကွင်းမှာ ကာရာဘောင်းဖလားပြိုင်ဘက် ဝက်စ်ဟမ်းအသင်းကို ၅ ဂိုး ၁ ဂိုး ဆိုတဲ့ ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့ပါတယ်။

ဒါပေမယ့် ဒီရလဒ်အပေါ် မကျေနပ်သူ တစ်ဦးတော့ ရှိနေပါတယ်။ သူကတော့ ဝက်စ်ဟမ်းနည်းပြ လိုပတ်တီဂူပါပဲ။

ပွဲအပြီး အင်တာဗျူးမှာ လိုပတ်တီဂူက ” ကျနော် ခြေသလုံးမှာ ဒဏ်ရာအနည်းငယ် ရခဲ့ပါတယ် ” လို့ ပြောပါတယ်။ ဝက်စ်ဟမ်းရှုံးခဲ့တာနဲ့ သူ ဒဏ်ရာရတာ ဘာမှတော့ မဆိုင်ပါဘူး။

၅-၁ ဂိုးဆိုတာ စာရွက်ပေါ်မှာ ပြတ်သားတဲ့ ရလဒ်ဖြစ်ပေမယ့် ကွင်းတွင်း ခြေစွမ်းမှာ ဝက်စ်ဟမ်းအရ အဲ့လောက်ရလဒ် မဖြစ်သင့်သလို အနိုင်ရသင့်တဲ့ အသင်းက ဝက်စ်ဟမ်းပဲလို့လည်း စပိန်သားနည်းပြကြီးက ယုံကြည်နေပါတယ်။

” ကျနော်တို့နဲ့ ထိုက်တန်တဲ့ ရလဒ် ထွက်ခဲ့တာ မဟုတ်ပါဘူး။ ကျနော်တို့ ကစားပွဲထဲမှာ အခိုက်အတန့် အတော်များများအတွင်း လီဗာပူးထက် ပိုကောင်းခဲ့ပါတယ်။

ဒိုင်တွေအကြောင်း မပြောတော့ပါဘူး။ အရေးကြီးတဲ့ အခိုက်အတန့်တွေမှာ ဒိုင်တွေက ကျနော်တို့ကို ဘက်ကန်သွားခဲ့တယ်။

ဒါပေမယ့် အဆုံးမှာတော့ ကျနော်တို့ ဂိုးသွင်းရမယ့် အခွင့်အရေးတွေကို မသွင်းနိုင်ခဲ့ပါဘူး။ ဒီလိုပွဲမျိုးကို နိုင်ဖို့ဆိုတာက ရလဒ်ပိုင်း နီးနီးကပ်ကပ် ယူထားနိုင်ရမှာပါ။ တတိယဂိုးနဲ့ အနီကတ်တွေက ကျနော်တို့ကို ဆိုးရွားသွားစေပါတယ် ” လို့ လိုပတ်တီဂူက ပြောခဲ့တာ ဖြစ်ပါတယ်။