အာနယ် ဆလော့ ပြောလာတဲ့ ဂျိုတာရဲ့ ဒဏ်ရာ ပြဿနာကို ဖြေရှင်းမယ့် နည်းလမ်း

အာနယ် ဆလော့က ဒီရာသီမှာ မိနစ် ၉၀ အပြည့် မကစားရသေးတဲံ ဂျိုတာအတွက် ပွဲချိန်တွေကို အကောင်းဆုံး စီမံပေးနေကြောင်း ထုတ်ပြောလာပါတယ်။

မနှစ်ကရာသီမှာ ဂျိုတာဟာ ပြိုင်ပွဲစုံ ၂၃ ပွဲထိ လွဲချော်ခဲ့ပါတယ်။ သူ ဒဏ်ရာရသွားတဲ့ ဘရန့်ဖိုဒ့်ပွဲဟာဆိုရင် လီဗာပူးအသင်း ဖလားလေးလုံး လမ်းကြောင်းမှာ အကောင်းဆုံး ရှိနေခဲ့တဲ့ အခိုက်အတန့်ပါ။

ပြီးခဲ့တဲ့ရာသီမှာ ဆာလာပြီးရင် လီဗာပူးအသင်းရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့တဲ့ ဂျိုတာကို ဒဏ်ရာနဲ့ လက်လွတ်အပြီးမှာ အသင်းဟာ ဖလားပြိုင်ပွဲ တစ်ခုပြီး တစ်ခုကနေ ထွက်ခွာခဲ့ရပါတယ်။

တိုက်စစ်သမားကို ပုံမှန်သုံးနိုင်ရေး ဘယ်လို စီမံမလဲ မေးခွန်းအတွက် ဆလော့က “ ဂျိုတာရဲ့ ပွဲကစားချိန်တွေကို ကြိုးစား ကိုင်တွယ်မှာပါ။ အခြား အသင်းသားတွေလိုပဲ အကောင်းဆုံး နည်းလမ်းနဲ့ ကြိုးစားပါမယ်။ အပတ်တိုင်းမှာ သူတို့ကို သုံးနိုင်ဖို့လည်း ပြင်ဆင်သွားမှာပါ။

ဒါပေမယ့် တခါတလေ ကိစ္စလေးတွေကပဲ အဆုံးအဖြတ်ပေးသွားတာပါ၊ တခါတလေ ကံမကောင်းတဲ့ ဖြစ်ရပ်လေးတွေ ရှိတတ်ပါတယ်။ ရိုဒရီ ဖြစ်သွားသလိုပေါ့ သူလည်း ကံဆိုးပြီး ဒဏ်ရာရသွားတာပါ။

ကစားသမားတွေကို ဘယ်လောက်ပဲ အကောင်းဆုံး ပြင်ဆင်ပေးပါစေ ကံကောင်းဖို့ လိုပါတယ်။ အခုချိန်ထိတော့ ကျနော်တို့ အကောင်းဆုံး လုပ်ထားနိုင်ပါတယ်။ ကစားသမားတွေ ဒဏ်ရာ မရဘဲ ဘောလုံးရာသီကို အကောင်းဆုံး ကျော်ဖြတ်နိုင်အောင် လုပ်ပေးရမှာပါ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဒီရာသီဟာ ယခင်ကလို မဟုတ်ဘဲ ပထမရာသီဝက်မှာတင် ချန်ပီယံလိဂ်ပွဲ ၂ ပွဲ ပိုလာခြင်းနဲ့အတူ ကစားသမားတွေဟာ ပိုပြင်းထန်တဲ့ ပွဲကြပ် ကာလကို ကျော်ဖြတ်ရတော့မှာပဲ ဖြစ်ပါတယ်။