

နည်းပြ အာနယ်ဆလော့ကတော့ လီဗာပူးအသင်း ရလဒ်ကောင်းတွေ ရနေတဲ့အပေါ် မေးခွန်းထုတ်ခံရမှုမှာ သာယာနေဖို့ ငြင်းဆန်ခဲ့ပြီး ပြတ်သားတဲ့ စကားတွေ တုန့်ပြန်ခဲ့ပါတယ်။
အသင်းဟာ ဒီရာသီမှာ ဖောရက်စ် တစ်ပွဲတည်းကို ရှုံးထားပြီး ပွဲတိုင်း နိုင်နေတယ်ဆိုပေမယ့် ရင်ဆိုင်ထားရသမျှထဲ အသင်းကြီး တစ်သင်းမှ မပါပါဘူးလို့ ဆလော့က ထောက်ပြခဲ့တာပါ။
ကစားဟန်ကောင်းတယ်၊ ဂိုးသွင်းနိုင်တယ်၊ ခံစစ်က ဂိုးမပေးရဘူး ပြောရအောင်လည်း ဒီစနစ် ဒီကစားသမားတွေ တွဲကစားလာတာ ၉ နှစ်လောက် ရှိနေပြီလို့ ပေါ့ပေါ့ပါးပါး ပြောဆိုရင် သူ့အပေါ် ချီးကျူးမှုတွေကို လက်ခံပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။
ဆလော့က ဆိုရာမှာ “ ကျနော် ပြောပြီးပါပြီ ပွဲတွေကို နိုင်နေတယ်ဆိုပေမယ့် ကျနော်တို့ ကစားနေတာ ဇယားအလည်လောက်က အသင်းတွေနဲ့ပါ။ ကျနော်တို့ သက်သေပြရမှာ အများကြီး ရှိနေပါသေးတယ်။ နိုင်နေတယ်ဆိုတာက ပွဲစဉ် ဇယားကြောင့်လည်း ပါပါတယ်။
ပိုခက်ခဲတဲ့ ပြိုင်ဘက်တွေကို ရင်ဆိုင်ရတဲ့အခါမှာကော ကျနော်တို့ အခုလို ဂိုးတွေ သွင်းနေနိုင်ဦးမလား ကြည့်ရမှာ ဖြစ်ပါတယ်။
ခြုံပြောရမယ်ဆိုရင် အသင်းက ကောင်းမွန်တဲ့ စတင်မှုရထားတယ် ဒါပေမယ့် ပြီးပြည့်စုံတဲ့ စတင်နေမှု မဟုတ်ပါဘူး။ ကျနော်တို့ ကစားတဲ့ ကစားဟန်ဆိုတာကလည်း ဒီစတိုင်ထဲမှာပဲ ဒီကစားသမားတွေ ၉ နှစ်လောက် ကစားလာကြတာပါ။
ရလဒ်တွေ ဆက်ရနေတာက ကောင်းတဲ့ကိစ္စပါ။ ကျနော် ဒီနေရာ ထောက်ပြလိုတာက ပွဲစဉ်ဇယားတွေက ဒီလိုရလဒ်ကောင်းတွေယူဖို့ ကောင်းလွန်းနေပါတယ် ” လို့ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ဒီအပတ်မှာတော့ ပေါ့ဆလို့မရတဲ့ ဝုဗ်အသင်းကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။