အာနယ် ဆလော့ဟာ လီဗာပူးအသင်းကို ဒီရာသီမှာ စတင် တာဝန်ယူခြင်းနဲ့ ဘယ်လို ထူးထူးဆန်းဆန်းအကွက်တွေ ထုတ်မလဲဆိုတာကို နည်းစနစ်ပိုင်း သုံးသပ်သူတွေက မျက်စိဒေါက်ထောက် စောင့်ကြည့်နေတဲ့ အခြေအနေပါ။
ခလုပ်လေးတစ်ခုကို ဖိလိုက်ရင် ဗန်းဆိုပြီး စတီးဘောလုံးသေးသေးလေးတွေ စင်ထွက်သွားတဲ့ pinball ဂိမ်းကို ငယ်ငယ်က ကစားဖူးတဲ့သူတွေ များကြပါလိမ့်မယ်။ မှန်ကန်တဲ့ အချိန်အဆနဲ့ ဦးတည်ချက်ကို သိထားရင် ကိုယ်လိုချင်တဲ့ တားဂတ်ကို ရောက်ပါတယ်။
ဆလော့ လက်ထက်မှာ လူပြောများနေတဲ့ အချက်တစ်ခုကတော့ ခံစစ်ကနေ တိုက်စစ်မှူးတွေထံ ဘောလုံး တိုက်ရိုက်ပေးနေခြင်းကို ပါးပါးနပ်နပ် အသုံးချနေတဲ့ အချက်ပါပဲ။ တိကျလွန်းပြီး အတော်လေးကို အကျိုးဖြစ်အောင် ဖန်တီးထားနိုင်ပါတယ်။
လီဗာပူးအသင်းရဲ့ ကစားကွက်တည်ဆောက်မှုတွေအတွင်း အယ်လီဆန် ဒါမှမဟုတ် ခံစစ်မှူးတွေက ညာခြမ်း ကွင်းလယ်မှာ နေရာယူထားတဲ့ ဆာလာထံကို ဘောလုံးရောက်အောင်ပို့ပြီး pinball ပုံစံ ဘောလုံးဗားရှင်းကို ဖန်တီးလာနေတယ်။
ကလော့ပ် လက်ထက်မှာလည်း အယ်လီဆန်ကနေ ဆာလာထံ တိုက်ရိုက်ပေးတဲ့ ကောင်တာ-တိုက်စစ်တွေ ရှိခဲ့ပါတယ်။ ဆလော့ လက်ထက်မှာ အနည်းငယ် ပုံစံကွဲပြီး ဆာလာကို ကောင်တာ-တိုက်စစ်အတွက် မသုံးဘဲ ဘောလုံးလက်ခံယူပြီး အတွင်းထဲကို ဘောလုံး ပြန်ထည့်တဲ့ ကစားကွက် ပြန်ဖြန့်သူ တာဝန်ကို ယူစေပါတယ်။
အဲ့အပိုင်းပြီးမှ ကွင်းလယ်မှာ ဘောလုံးလက်ခံသူဟာ အလျင်သင့်သလို ညာခြမ်းမှာ တိုက်စစ်လိုက်တဲ့ ထရန့်ကို ပြန်ဖြန့်တာဖြစ်ဖြစ် ဆာလာကိုယ်တိုင်က ညာခြမ်းတောက်လျှောက် ပြေးထွက်တာဖြစ်ဖြစ် ဒါမှမဟုတ် အခြားသော တောင်ပံဘက်ခြမ်းကို ဘောလုံးပို့တာဖြစ်ဖြစ် လုပ်ဆောင်လေ့ရှိပါတယ်။
ခံစစ်ကနေ ဘောလုံးထွက်လာရင် ဆာလာဟာ ယခင်ကလို ပထမဆုံး အပြေးသမား ဆိုတာထက် ဖန်တီးရှင်ဖြစ်သွားပြီး တတိယ အပြေးသမား နေရာလောက်ကို ဝင်ယူလာတာဖြစ်ပါတယ်။ ဒီစနစ်မှာ အကျိုးများနေသူက ဒီယက်ဇ်ဖြစ်ပါတယ်။ ဆန့်ကျင်ဘက် တောင်ပံကနေ အပြေးသမား တာဝန်ကို လွတ်လပ်စွာ ယူခွင့်ရှိထားသလို ဂိုးတွေလည်း အတော်ရနေပါတယ်။
တကယ်တော့ ဒီအကြောင်းကို ဆလော့ ကိုယ်တိုင်က နှုတ်ဖြင့် ထုတ်ပြောထားဖူးပြီး ကွမ်းဆက်နေရာ ကိုနတေးကို ဆက်တိုက် သုံးနေရတာက ဒီလို ခံစစ်ကနေ ဘောလုံးထုတ်နိုင်စွမ်းကြောင့်ပါပဲ။
လီဗာပူးအသင်းဟာ pinball စတိုင်ကို ဒီရာသီ ကစားခဲ့တဲ့ ပွဲတိုင်းနီးပါးမှာ သုံးနေတယ်လို့ ထောက်ပြခံနေရတယ်။ ကစားသမားတွေရဲ့ အရှိန်နဲ့ ဘောလုံးကိုင်နိုင်စွမ်းကို အခြေခံပြီး ကလော့ပ် လက်ထက်က ကစားပုံကို အသွင်ပြောင်းထားတာလို့ ယူဆရတာဖြစ်ပါတယ်။