ဝုဗ်ကို ခက်ခက်ခဲခဲ နိုင်ပွဲယူခဲ့ရတဲ့ ပွဲစဉ်အပြီး စကားစမြည်း ပြောစရာတွေကို LFCThaDin ဖတ်ရှုသူတွေနဲ့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
နည်းပြသစ် ရှာဖွေနေတဲ့ အကောင်းဆုံး ပွဲနေ့လူစာရင်း
အာနယ် ဆလော့ဟာ သူ့ရဲ့ လီဗာပူးနည်းပြဘဝ အကောင်းဆုံး ပွဲနေ့ လူစာရင်းတစ်ခုကို ရှာဖွေနေဆဲဖြစ်ပါတယ်။ ပွဲထွက် ၁၁ ဦးနဲ့ အရန် ၉ ဦး ရွေးနိုင်ရေး သူ့ကို အချိန်အားဖြင့် ၁ ရာသီတော့ အနည်းဆုံးပေးရနိုင်ပါတယ်။
လက်ရှိမှာ အယ်လီဆန်၊ ထရန့်၊ ကိုနတေး၊ ဗန်ဒိုက်၊ ရော်ဘတ်ဆန်၊ ဂရာဗင်ဘက်ချ်၊ မာကာ၊ ဆိုဘို၊ ဒီယက်ဇ်၊ ဂျိုတာ၊ ဆာလာတို့ဟာ ဆလော့ရဲ့ အကောင်းဆုံး ပွဲထွက်ဖြစ်နိုင်ပြီး သူတို့နေရာ အစားဝင်မယ့် ကစားသမားတွေကို ရှာဖွေနေဆဲဖြစ်ပါတယ်။
ဂက်ပို၊ ဒါဝင်၊ ဂျုံးတို့ကို အလှည့်ကျဖြင့် လူစားဝင်နေစေပြီး ပွဲတိုင်း ဒီလူစာရင်းပဲကွာလို့ စိတ်ပျက်နေတာထက် အကောင်းဆုံး ၁၁ ဦးနဲ့ တည်ငြိမ်တဲ့ ကစားကွက်ကို အရင်ဆုံး ရှာဖွေနေခြင်းကို လက်ခံပေးရပါလိမ့်မယ်။
ရုပ်ဆိုးလှတဲ့ နိုင်ပွဲ
ပွဲစဉ်တစ်ပွဲမှာ စွမ်းဆောင်ရည်ကောင်းတဲ့ နိုင်ပွဲ၊ ရုပ်ဆိုးစွာ ကစားပြီးမှရတဲ့ နိုင်ပွဲ ဘယ်လိုပဲ အမျိုးအစားခွဲခွဲ နိုင်နေဖို့ကတော့ အရေးအကြီးဆုံးဖြစ်ပါတယ်။
ဒီရာသီမှာ ဖောရက်စ်ပွဲကလွဲလို့ အသင်းဟာ စွမ်းဆောင်ရည်ကောင်းတွေ ပြသပြီးမှ နိုင်ခဲ့တာချည်းပါပဲ။ ဝုဗ်ပွဲကတော့ ဆလော့ လက်ထက် ပထမဆုံးအဖြစ် စွမ်းဆောင်ရည် မကောင်းဘဲ နိုင်ခဲ့တဲ့ ရုပ်ဆိုးလှတဲ့ နိုင်ပွဲဖြစ်ခဲ့ပါတယ်။
အကြောင်းရင်းတွေက အများကြီးပါ။ ကစားသမားတွေ ခြေစွမ်းမကောင်းလို့၊ ကစားကွက် တည်ဆောက်ပုံ မကောင်းလို့၊ အာရုံစိုက်မှုအားနည်းလို့တွေအပြင် အဝေးကွင်းဖြစ်နေလို့၊ ဝုဗ်ရဲ့ ရုန်းအားကြောင့်မို့ လီဗာပူး ရုန်းကန်ရတယ်လည်း ပြောလို့ရပါတယ်။
ဒါပေမယ့် လီဗာပူးအသင်းသားတွေရဲ့ ပရော်ဖက်ရှင်နယ်ဆန်မှုကို ချီးကျူးရပါမယ်။ ဒီပွဲဟာ အနိုင် ၃ မှတ် ယူပြီး ပြန်နိုင်ခြင်းကပဲ အသင်းအတွက် တစ်ခုတည်းသော အကောင်းမြင်စရာဆိုတာ သူတို့ သိပါတယ်။ ဒါကြောင့် လိုအပ်တဲ့ အနိုင်အတွက်တော့ အားထုတ်ခဲ့ပါတယ်။
တံတိုင်းကြီး ကိုနတေး
ယာဂင်ကလော့ပ်ရဲ့ နောက်ဆုံးရာသီမှာ ပွဲထွက်ကနေ စတင် ဖယ်ရှားခံခဲ့ရပြီး ယူရိုမှာလည်း အရန်ကို ရောက်သွားခဲ့တယ်။ လီဗာပူးနည်းပြသစ်လက်ထက် ရာသီစမှာ နေရာပျောက်မလိုဖြစ်ခဲ့ပြီးမှ ကွမ်းဆက်နေရာ လူစားဝင်လာတဲ့ အီဘူးဟာ တောက်လျှောက် ခြေစွမ်းပြနေပါတယ်။
နောက်ဆုံး ကစားထားတဲ့ ၂ နှစ်အတွင်း ဂိုးမရဖူးတဲ့ အီဘူးဟာ ၁၂ ရက်အတွင်း ၂ ဂိုး သွင်းထားပါပြီ။ ခံစစ် ၃ ယောက်တန်း ပုံစံမှာ ညာခြမ်းကို တာဝန်ယူပေးနိုင်စွမ်း ကောင်းမွန်သလို အမြင့်ဘောတွေ ရှင်းထုတ်နိုင်စွမ်း မြင့်မားတဲ့ အီဘူးဟာ block ကာတဲ့အပိုင်းလည်း အတော်လေး ကောင်းမွန်ပါတယ်။
တခါတလေ ထထမှားတတ်ပေမယ့် သူ့ရဲ့ ခံစစ်ကနေ အဝေးဘောထုတ်ပေးနိုင်စွမ်း၊ ဘောလုံးထုတ်နိုင်စွမ်းနဲ့ high line မှာ ခံစစ်ကို ဆင်းကူနိုင်စွမ်းတွေက အားကောင်းသူဖြစ်ပါတယ်။ ဝုဗ်ရဲ့ ၂-၂ ဖြစ်လောက်မယ့် အပိုင်ပိတ်ချက်ကို အီဘူး ကာကွယ်ပေးခဲ့ပါတယ်။
ကွင်းလယ် ညံ့ဖျင်းမှုမှာ ဖောက်ထွက်လာတဲ့ ဂရာဗင်ဘက်ချ်
ဝုဗ်ပွဲအတွက် ပွဲထွက်တဲ့ ကွင်းလယ်လူ ၃ ယောက်ထဲမှာ ဂရာဗင်ဘက်ချ်ပါ ခြေစွမ်းမကောင်းလို့ကတော့ ဒီပွဲသွားပါပြီ။ ဆိုဘိုနဲ့ မာကာတို့ ပုံမှန်ခြေစွမ်းတောင် အနိုင်နိုင်ဖြစ်နေခဲ့ကြပေမယ့် ဂရာဗင်ဘက်ချ်ကတော့ အကောင်းဆုံး စွမ်းဆောင်ရည်ကို ဆက်ထိန်းခဲ့ပါတယ်။
ဆိုဘိုစလိုင်ရဲ့ တက်လိုက်ကျလိုက် ခြေစွမ်းဟာ အတော်လေး ပြောစရာဖြစ်ပါတယ်။ ထိပ်တန်းကစားသမားတစ်ယောက်ဟာ တည်ငြိမ်တဲ့ခြေစွမ်းမျိုး ပိုင်ဆိုင်ဖို့လိုပါတယ်။ မာကာရဲ့ ထိချက်တွေကလည်း တော်တော်လေးကို အမှားများခဲ့ပါတယ်။
သူတို့နှစ်ဦးရဲ့နောက်မှာ ဂရာဗင်ဘက်ချ်က ဘောလုံးတွေ ဆက်တိုက် ဆယ်ပေးနေပြီး မှန်ကန်တဲ့ ပေးချက်တွေ လုပ်ပေးနိုင်နေလို့ ခံသာနေခဲ့တာပါ။
သဒ္ဓါတရား ပိုထည့်ဖို့လိုခဲ့တဲ့ ဆာလာ
ဒီနေ့ပွဲမှာ ဆာလာရဲ့ ပြိုင်ဘက် ဧရိယာအတွင်း ဘောလုံးပေးမှုတွေက သူ့လို ကမ္ဘာ့အဆင့် ကစားသမားတစ်ဦးအတွက် စိတ်ပျက်စရာပါ။ သိပ်ကောင်းမယ့် ကောင်တာ-တိုက်စစ် အခြေအနေမျိုးမှာ ခပ်ပေါ့ပေါ့ ပေးပို့မှုဟာ လီဗာပူးကို ပွဲဖြတ်နိုင်ခွင့် ဆုံးရှုံးစေခဲ့ပါတယ်။
ဆာလာထံက လှုပ်အားနှုန်းတွေ၊ ကစားကွက် တည်ပေးမှုတွေက မြင်နေရဆဲဖြစ်ပြီး သူ ခြေစွမ်းမကောင်းချိန် အသင်းကစားပုံ ကျဆင်းသွားတာကပဲ အသင်းက သူ့အပေါ် မှီခိုနေရမှုကို မြင်သာစေခဲ့ပါတယ်။
အပျော်မစောသင့်ကြောင်း ဆလော့ သတိပေး
ဇယားထိပ်မှာ ရောက်နေပေမယ့် အခုမှ ၆ ပွဲပဲ ရှိသေးတယ်လို့ ဆလော့က သတိပေးပါတယ်။ ဒါဟာ မှန်ကန်ပါတယ်။ ပရီးမီးယားလိဂ်မှာ အစကောင်းတဲ့အသင်းတွေ အများကြီး ထွက်ပေါ်လာဖူးပါတယ်။ စပါး၊ အက်စတွန်ဗီလာ၊ ဆောက်သမ်တန်တို့လည်း နည်းပြသစ်တွေနဲ့ ဇယားထိပ် ရောက်ဖူးပါတယ်။
အရေးအကြီးဆုံးက ထိပ်ဆုံး ၄ သင်းထဲကနေ ထွက်မသွားရဖို့ မေလလောက်မှာ ဖလားစိန်ခေါ်နိုင်တဲ့ အသင်းတွေထဲ ဆက်ရှိနေဖို့ပဲဖြစ်ပါတယ်။