ဒီယက်ဇ်ဟာ လီဗာပူးကစားသမားဘဝ အစကောင်းခဲ့ပေမယ့် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ ဒူးဒဏ်ရာရခဲ့ခြင်းနဲ့ ဖခင်ဖြစ်သူ ၁၂ ရက်ကြာ ပြန်ပေးဆွဲခံရတဲ့ ဖြစ်ရပ်တွေဟာ သူ့ရဲ့ တိုးတက်မှုကို အနှောက်အယှက် ဖြစ်စေခဲ့ပါတယ်။
ဒီရာသီမှာ လီဗာပူးအသင်းဟာ ထိပ်တန်းအသင်းတွေကို ရင်ဆိုင်ရခြင်း မရှိသေးဘဲ အသင်းငယ်တွေကို အဓိက ကျော်ဖြတ်နေရတာကြောင့် ဒီယက်ဇ်ရဲ့ တိုးတက်မှုကို အကဲဖြတ်မှု နည်းပါးပေမယ့် ပြီးခဲ့တဲ့ရာသီတွေကနဲ့ ခြားနားမှုတွေ ရှိလာနေပါတယ်။
ဒီယက်ဇ်ဟာ ဒီရာသီမှာ ပိုပြီး တည်ငြိမ်မှု၊ သွေးအေးမှုနဲ့ အဆုံးသတ်ပိုင်းတွေမှာ ပါဝင်နိုင်စွမ်းတွေ ပြသနေပါတယ်။ ပြီးခဲ့တဲ့ ရာသီတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဒီယက်ဇ် ဘောလုံးလက်ခံယူရတဲ့ နေရာတွေဟာ advanced position လို့ ပြောရမယ့် ဂိုးပိုသွင်းနိုင်လောက်တဲ့ အတွင်းထဲ ပိုရောက်လာနေပါတယ်။
ဒီရာသီ ဒီယက်ဇ်ရဲ့ ဂိုးပေါက် ခြိမ်းခြောက်မှု အများစုဟာ ပြိုင်ဘက် ဂိုးဧရိယာအတွင်းထဲမှာ ဖြစ်ပါတယ်။ မနှစ်ကနဲ့ နှိုင်းယှဉ်ရင် ဒီယက်ဇ်ရဲ့ ခြိမ်းခြောက်မှုတွေဟာ ဂိုးပေါက်အနားကို ၄ ကိုက်စာလောက် ပိုနီးလာပြီး ၁၂ ကိုက် ပတ်လည်မှာ ခြိမ်းခြောက်မှုတွေ လုပ်နေပါတယ်။
ဘာကိုဆိုလိုသလဲဆိုရင် ဂိုးရနိုင်ချေ နည်းပါးတဲ့ အခြေအနေတွေမှာ အခွင့်အရေး ဖြုန်းတီးမှုတွေကို မလုပ်တော့တာပါပဲ။ ကွာလတီ သိပ်မရှိဘဲ မိုးထောင်နေတဲ့ ဧရိယာအပြင်က အဝေးကစ်တွေအစား ဂိုးရနိုင်ချေ ပိုမြင့်မားတဲ့ အတွင်းပိုင်း အဓိက နေရာတွေမှာ တိကျတဲ့ ကန်ချက်တွေ ပိုလုပ်လာနေပါတယ်။
ဒီအိုင်ဒီယာကို မှတ်ထားပြီး ပြီးခဲ့တဲ့ပွဲ ဟိုက်လိုက်တွေလောက် ပြန်ကြည့်ရင်တောင် သူ့ရဲ့ ဂိုးပေါက်ခြိမ်းခြောက်မှု ဧရိယာတဝိုက်ကို မြင်ရမှာဖြစ်ပြီး သွင်းဂိုးတွေ မြင့်တက်နေတာကိုပါ တွေ့ရပါလိမ့်မယ်။
ရော်ဘတ်ဆန်ရဲ့ တိုက်စစ်ပြန်လိုက်ပေးမှုဟာ ဒီယက်ဇ်ကို အများကြီး အကူအညီဖြစ်စေပြီး ဒါကြောင့်လည်း ဒီယက်ဇ်ကို တိုက်စစ်အတွင်းထဲ ဝင်ရောက်လှုပ်ရှားခွင့် ပိုရစေပါတယ်။
ထပ်ပြီး ချီးကျူးရမှာက ဒီယက်ဇ်ရဲ့ ခံစစ်ကူပေးနိုင်စွမ်းဖြစ်ပါတယ်။ လက်တလော ထိပ်တန်းအသင်းတွေနဲ့ ရင်ဆိုင်ရခြင်း မရှိသေးတာမို့ ဒီအပိုင်းမှာ ဒီယက်ဇ်ကို အများကြီး အကဲဖြတ်လို့ မသင့်သေးပေမယ့် တော်တော်လေး တိုးတက်လာပါတယ်။
လူးဝစ် ဒီယက်ဇ်ဟာ သူ့ရဲ့ ပရီးမီးယားလိဂ် ကစားသမားဘဝမှာ တစ်ရာသီ သွင်းဂိုး အများဆုံးက ပြီးခဲ့တဲ့ရာသီ ရခဲ့တဲ့ ၈ ဂိုးဖြစ်ပါတယ်။ ဒီရာသီမှာ ၆ ပွဲမှာတင် ၅ ဂိုး သွင်းထားတာဖြစ်တာမို့ အကောင်းဆုံး ဂိုးသွင်းမှတ်တမ်းကို ရှာဖွေနိုင်ဖို့ မျှော်လင့်ရတာ ဖြစ်ပါတယ်။