ဒီကြားရက် အန်ဖီးမှာ ယှဉ်ပြိုင်မယ့် ချန်ပီယံလိဂ်ပွဲကြို လေ့ကျင့်ရေးမှာတော့ ဒါဝင် နူးညက်စ်နဲ့ ရော်ဘတ်ဆန်တို့ ပါဝင်လာခဲ့ပါတယ်။
ဒါဝင်ဟာ အဖျားကြောင့် ဝုဗ်ပွဲကို လွဲချော်ခဲ့သလို အဆိုပါပွဲမှာ ရော်ဘတ်ဆန်ကလည်း ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရတာပါ။ နှစ်ဦးလုံးဟာ ဘိုလော့ညာပွဲမတိုင်ခင် အသင်းလိုက် လေ့ကျင့်ရေးမှာ ပါဝင်လာခဲ့ကြတာ ဖြစ်ပါတယ်။
ဒါပေမယ့်လို့ အခြားသော တိုက်စစ်သမားတွေဖြစ်တဲ့ ဂျိုတာနဲ့ ခီယေဆာတို့ နှစ်ဦးကတော့ လေ့ကျင့်ရေးကို လွဲချော်ခဲ့ကြပါတယ်။
🚨 Sky Sports confirm Diogo Jota is out of today’s training with a minor foot injury – scan came back clear.
Darwin Núñez is BACK in training. #LFC #UCL pic.twitter.com/WkcX87pt0T
— Anything Liverpool (@AnythingLFC_) October 1, 2024
ကွင်းလယ်လူ ဟာဗေးကလည်း ဆက်လက် လွဲချော်နေဆဲဖြစ်ကာ အင်္ဂလန် ယူ-၂၁ လက်ရွေးစင်ဟာ အောက်တိုဘာလ နိုင်ငံတကာသီတင်းပတ် အပြီးမှ ပြန်ကစားနိုင်ဖွယ် ရှိနေပါတယ်။
နည်းပြဆလော့က အလှည့်ကျ လူထုတ်မှုကို စတင်နေပြီဖြစ်တာကြောင့် ဘိုလော့ညာပွဲမှာ ဂက်ပို၊ ဒါဝင်တို့ဟာ ဆာလာနဲ့အတူ တိုက်စစ်က ပွဲထွက်ခွင့်ရဖွယ် ရှိနေပါတယ်။
ဝုဗ်ပွဲမှာ ရုန်းကန်ခဲ့ရတဲ့ ဆိုဘိုစလိုင်ကို ဆက်လက် နေရာပေးမလား စောင့်ကြည့်ရမှာဖြစ်ကာ ကာတစ်ဂျုံး ပွဲကစားချိန် လိုအပ်သေးတယ် ယူဆရင်တော့ ကွင်းလယ် ၃ ယောက်တန်းက မပြောင်းလဲတာမျိုး ဖြစ်လာနိုင်ပါတယ်။
လူငယ် အများစုကို ယူ-၂၁ အသင်းထံ ပြန်ပို့ထားပေမယ့် ကွင်းလယ်လူ နိုင်ယွန်နီကိုတော့ စီနီယာအသင်းမှာပဲ ဆက်ခေါ်ထားခဲ့ပါတယ်။ မနက်ဖြန်ညမှာတော့ စီနီယာပွဲမတိုင်ခင် ယူ-၂၁ ပွဲ အရင်ဆုံးကစားရမှာဖြစ်ပါတယ်။