လီဗာပူး သွင်းဂိုး ၃ ဂိုးလုံး ၁ ဂိုးမှ မရသင့်ဘူးလို့ ဝေဖန်သွားတဲ့ လက်စတာနည်းပြ ဒမ်းစမစ်

ကင်းပါဝါမှာ လက်စတာက လီဗာပူးကို ၃-၀ ဖြင့် ဂိုးပြတ် အရေးနိမ့်ခဲ့ပေမယ့် ဒိုင်တွေကြောင့် ရှုံးရတာလို့ နည်းပြ ဒမ်စမစ်က ဝေဖန်သွားပါတယ်။

လီဗာပူးအသင်းရဲ့ အဖွင့်ဂိုး ၂ ဂိုးမှာ ကာတစ်ဂျုံးက ပိတ်သွင်းခဲ့တာဖြစ်ပြီး လှည့်ထွက်ပြီး အပြင်းကန်သွင်းတဲ့ ဒုတိယဂိုးက တော်တော်ကောင်းသလို လူကျွံကနေ ကပ်သီးလေး လွတ်သွားခဲ့တာပါ။ လက်စတာနည်းပြကတော့ VAR ဘက်က သူ့တို့ကို ကြည့်ပေးလိုရင် လူကျွံဘော လုပ်လိုက်လို့ရတဲ့ အနေအထားလို့ မြင်ပါတယ်။

ဒုတိယပိုင်းမှာ ထရန့်ရဲ့ တည်ကန်ဘောအတွက် ဖောင်းဖြစ်သွားတာကိုလည်း စမစ်က မကျေနပ်ခဲ့ပါဘူး။ သူကတော့ သွင်းဂိုး ၃ ဂိုးလုံးဟာ ဂိုးမဖြစ်သင့်ဘူးလို့ ပွဲအပြီးမှာ ထုတ်ပြောသွားပါတယ်။

ဒမ်းစမစ်က “ သွင်းဂိုးတွေက ပွဲကို ပြောင်းလဲသွားစေတာပါပဲ။ သူတို့ ဂိုးသမားကို ကန်တင်ကြည့် ဆိုပြီး ဘောလုံး အကြိမ် ၅၀ လောက် ပစ်ပေးလို့ရတယ်။ ကျနော်တို့ ခံစစ်ကြောင်းကို ကျော်ဖြတ်ဖို့ ဘောလုံး ၁ လုံးမှ ထုတ်နိုင်မှာ မဟုတ်ဘူး။ ဂိုးတွေ လွယ်လွယ်ပေးလိုက်ရတာကို သိပ်စိတ်ပျက်မိတယ်။

ဂျုံးက လှည့်ထွက်ပြီး သိပ်ကောင်းတဲ့ သွင်းဂိုး သွင်းသွားတယ်။ ဒါပေမယ့် သူသွင်းသွားတဲ့ ၂ ဂိုးလုံးက ကပ်သီးလေး လူမကျွံခဲ့တာပါ။ VAR က ကျနော်တို့ဘက်က ကြည့်မပေးခဲ့ဘူး။ ကျနော်တို့ စိတ်တွေ ရှုပ်ထွေးနေတာကြောင့် နောက်ထပ် ဂိုးပေးရဖို့ ဖြစ်ခဲ့တယ်။

ဒုတိယပိုင်းမှာ လီဗာပူးအတွက် အခွင့်အရေး နည်းနည်းပဲရပါတယ်။ လူစားလဲမှုတွေနဲ့အတူ ကျနော်တို့ တုန့်ပြန်လာနိုင်ပေမယ့် ကံမကောင်းစွာဘဲ ဒိုင်လူကြီးက တတိယဂိုးနဲ့ ပွဲကို သတ်လိုက်တာပဲ။ အဲ့တာက ဘယ်လိုမှ တည်ကန်ဘော မပေးသင့်တာပါ။

အသင်းကောင်းတစ်သင်းကို ကိုက် ၂၀ အကွာကနေ တည်ကန်ဘော ကန်ခွင့်ပေးလိုက်တယ်ဗျာ။ ထရန့်ကလည်း ထောင့်ကို ကန်ထည့်သွားတယ်။ ပွဲက ပြီးသွားတော့တာပေါ့ ” လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။

လက်စတာဟာ မေလ ၂၃ ရက်နေ့မှာ နယူးကာဆယ် အိမ်ကွင်းထံ သွားရောက် ယှဉ်ပြိုင်ရဦးမှာပါ။ တန်းဆင်းဇုန် တိုက်ပွဲကနေ ရုန်းထွက်ဖို့ အဲ့ပွဲမှာ သူတို့ ရမှတ်တွေ ရသွားခဲ့ရင် လီဗာပူးအသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးပါသွားမှာပဲ ဖြစ်ပါတယ်။