

ဘိုလော့ညာကို အနိုင်ရတဲ့ပွဲမှာ လီဗာပူးအသင်းဟာ ဂိုးပြတ် အနိုင်ရပေမယ့် ပြိုင်ဘက်က ပုခုံးချင်း ယှဉ်ကစားခြင်းကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒီပွဲအပြီး ပြောစရာလေးတွေကို LFCThaDin ဖတ်ရှုသူတွေနဲ့ လေ့လာကြည့်မှာဖြစ်ပါတယ်။
ဖန်တီးရှင်အဖြစ်ကော ဂိုးသွင်းရှင်ပါဖြစ်ခဲ့တဲ့ ဆာလာ
မာကာရဲ့ သွင်းဂိုးဟာ ဆာလာရဲ့ ပြီးပြည့်စုံတဲ့ ဖြတ်တင်ဘောကနေ ရသွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ဆာလာဟာ ပေးချက်အမှားတွေ လုပ်ခဲ့မိပေမယ့် သူ့ရဲ့ ဖန်တီးမှုတွေကနေ ဂိုးသွင်းမယ်ဆိုရင် ပထမပိုင်းမှာတင် အသင်းက ဂိုးပြတ်နေခဲ့မှာပါ။
ဒုတိယပိုင်း လီဗာပူးအသင်း သွင်းဂိုး အလိုအပ်ဆုံး အချိန်မှာ မိုဆာလာဟာ တောင်ပံကနေ အတွင်းထဲ ချိုးဝင်လာပြီး လှပတဲ့ သွင်းဂိုးကို ရယူပေးသွားပါတယ်။ လုံးဝ Game over ပါပဲ။ မေးခွန်းတစ်ခုတည်း ရှိပါတယ်။ ၂၀၂၅ ခုနှစ် နောက်ပိုင်း မိုဆာလာ အန်ဖီးမှာ ဆက်ရှိနေရေး အသင်းဘက်က ဘယ်တော့ စတင် ကြိုးစားမလဲပါပဲ။
တိုက်စစ် ဦးဆောင်ရာမှာ ကျရှုံးခဲ့တဲ့ ဒါဝင်
ဂျိုတာကို အနားပေးတာကြောင့် တိုက်စစ်မှာ ဒါဝင် ပွဲထွက်ခွင့်ရပေမယ့် အထင်ကြီးစရာ စွမ်းဆောင်ရည်ကို မပြနိုင်ခဲ့ဘဲ စိတ်ပျက်စရာ ညခြမ်းတစ်ခု ဖြစ်ခဲ့ပါတယ်။ အခွင့်အရေး ဖြုန်းတီးမှု၊ လူကျွံမှုတွေဟာ ဒါဝင်နဲ့ ခွဲမရတဲ့ အမှတ်လက္ခဏာတောင် ဖြစ်နေပါပြီ။
ပရိသတ်တွေက သူ့ တိုးတက်လာဖို့ မျှော်လင့်သလို အမြဲတမ်း အားပေးကြပေမယ့် ဒါဝင်ရဲ့ တသမတည်းမရှိတဲ့ ခြေစွမ်းဟာ ပုံမှန်ပွဲထွက်ခွင့် မရနိုင်တာကို လက်ခံရမှာပါ။ အလှည့်ကျဖြစ်တာကြောင့် နေရာရနေတာဖြစ်သလို ဒီခြေစွမ်းနဲ့တော့ ဂျိုတာကို ကျော်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
ဆိုးရွားတဲ့ပွဲမဖြစ်အောင် ကယ်တင်ခဲ့တဲ့ အယ်လီဆန်
ဒီနေ့ပွဲမှာ ပရိသတ်တွေက ဂရာဗင်ဘက်ချ်၊ ယူအီးအက်ဖ်အေက ဆာလာကို ရွေးခဲ့ပေမယ့် လီဗာပူးကို ကယ်တင်ခဲ့သူဟာ အယ်လီဆန်ဖြစ်ပါတယ်။ ဘိုလော့ညာရဲ့ အပိုင် ကန်ချက်တွေကို ဘရာဇီးဂိုးသမားဟာ အထူး လက်စွမ်းပြ ကာကွယ်သွားပါတယ်။
လီဗာပူးထက်တောင် ဘိုလော့ညာက ဂိုးကန်သွင်းချက်တွေ ပိုရခဲ့တာဖြစ်ကာ ပွဲထဲမှာ အယ်လီဆန်ထက် ထိချက် ပိုများသူဆိုလို့လည်း ဗန်ဒိုက် တစ်ဦးတည်း ရှိပါတော့တယ်။ အယ်လီဆန်ရဲ့ အရည်အချင်းဟာ ဘယ်တော့မှ သံသယရှိစရာ မလိုပါဘူး။ ဒါပေမယ့် ဧရိယာတဝိုက် သူ ကြိုးစားပြီး ကာကွယ်ပေးနေရတာမျိုးကို ပရိသတ်တွေ မြင်ချင်မှာ မဟုတ်ပါဘူး။
ကွင်းလယ် အပြောင်းအလဲ
နည်းပြဆလော့ဟာ နံပါတ် ၆ နှစ်ဦးတွဲမှာ မာကာနဲ့ ဂရာဗင်ဘက်ချ်ကို ထားပြီး နံပါတ် ၁၀ နေရာမှာ ဆိုဘိုကို သုံးနေတာပါ။ တခါတလေ အသင်းရဲ့ ကွင်းလယ်ဟာ နံပါတ် ၆ သမား တစ်ဦးတည်း ပုံစံ ပြောင်းပြောင်းသွားပါတယ်။
စိတ်ဝင်စားဖွယ် ထင်မြင်ချက် တစ်ခုကတော့ ကွင်းလယ်ခံစစ်ကြောင်းမှာ တောက်ပနေတဲ့ ဂရာဗင်ဘက်ချ်ကို သူ့နေရာမှာပဲ အမာခံထားထားပြီး မာကာကို နံပါတ် ၁၀ နေရာမှာ ကစားစေဖို့ ဖြစ်ပါတယ်။ မာကာရဲ့ နံပါတ် ၁၀ နေရာက ကစားနိုင်စွမ်းကို မြင်လိုသူတွေ ရှိနေပါတယ်။
ဆိုဘိုဟာ သူ့ရဲ့ လှုပ်အားနှုန်းနဲ့အတူ ၄-၂-၄ ပုံစံမှာ တိုက်စစ်သမားတွေကြား မရပ်တန့်တဲ့ လှုပ်အားတွေဖြင့် ဝင်ပါပေးနေခြင်းဖြစ်ကာ မာကာကကော ရှေ့ပိုတက်ခွင့်ရရင် ကွင်းလယ်က ဟန်ချက်ညီဦးမှာလား? တိုက်စစ် ပံ့ပိုးမှုတွေ တက်လာနိုင်လား? မေးခွန်းတွေ မေးနေမိပေမယ့် သိပ်တော့ အရေးမကြီးပါဘူး။ သူတို့ဘာသာ ကောင်းနေပါတယ်။
ထင်ထားတာထက် ပိုကောင်းတဲ့ ဘိုလော့ညာ
စီးရီးအေကလပ် ဘိုလော့ညာဟာ သူတို့ရဲ့ ပြင်းထန်တဲ့ ကစားအားကြောင့် နာမည်ရလာသလို လီဗာပူးကို ရင်ဆိုင်ရာမှာလည်း လူကပ်ကစားပုံ တော်တော်လေး ကောင်းမွန်ပါတယ်။ သူတို့ရဲ့ အခွင့်အရေး စောင့်ဆိုင်မှုတွေဟာ စိတ်ရှည်ပြီး တိကျမှုလည်း ရှိပါတယ်။
အကယ်လို့ နောက်ဆုံး အဆုံးသတ်ချက်တွေမှာ ပိုကောင်းခဲ့ရင် ဒါမှမဟုတ် အယ်လီဆန် လက်စွမ်း နည်းနည်းကျနေခဲ့ရင် လီဗာပူးတို့ ရင်နာရမယ့် ပွဲတောင် ဖြစ်သွားနိုင်ပါတယ်။
၂ ပွဲကစား ၆ မှတ်
ဒီရာသီ ချန်ပီယံလိဂ်ဟာ အမှတ်ပေးပုံစံကို ပြောင်းလဲထားခြင်းဖြစ်ကာ ထိပ်ဆုံး ၈ သင်းထဲ ဝင်လိုရင် ရမှတ် ၁၇ မှတ်လောက် ရဖို့လိုအပ်တယ်လို့ မှန်းဆမှုရှိထားပါတယ်။ ရှုံးထွက်ထဲ ပါဖို့ဆိုရင်လည်း ၁၅ မှတ်လောက်တော့ ယူထားရမှာပါ။
လီဗာပူးအသင်းဟာ ကစားသမားရမယ့် ၈ ပွဲထဲက ၂ ပွဲကို ကစားထားပြီး ရမှတ် ၆ မှတ် အပြည့်ရထားတာက အခုချိန်ထိတော့ မဆိုးလှပါဘူး။