ကွင်းထဲမှာ နှစ်ကိုယ်ခွဲ ကစားပေးနေခြင်းကြောင့် ချီးကျူးခံနေရတဲ့ ဆိုဘိုစလိုင်

ပရီးမီးယားလိဂ် နောက်ဆုံးပွဲတွေမှာ ခြေစွမ်းမကောင်းခြင်းကြောင့် ဝေဖန်ခံနေရတဲ့ ဆိုဘိုစလိုင်ဟာ ဘိုလော့ညာ ပွဲအပြီးမှာတော့ နှစ်ကိုယ်ခွဲ ကစားပေးနေသူအဖြစ် ပရိသတ်တွေထံက ချီးကျူးမှု ရနေပါတယ်။

အာနယ် ဆလော့ လက်ထက် ပွဲထွက်လူစာရင်းမှာ ပါခွင့်အရဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ဆိုဘိုဟာ နည်းပြသစ်ရဲ့ ပထမဆုံး ၉ ပွဲမှာ ၈ ပွဲက ပွဲထွက်ကနေ ပါခွင့်ရထားတာ ဖြစ်ပါတယ်။

ပုံမှန် ကစားခွင့်ရပေမယ့် ဆိုဘိုစလိုင်ဟာ အမြဲတမ်း ချီးကျူးခံရသူ မဟုတ်ပါဘူး။ နံပါတ် ၁၀ နေရာမှာ ကစားပြီး သွင်းဂိုးနဲ့ ဂိုးထောက်ပံ့မှု အားနည်းခြင်းကြောင့် သူ့ရဲ့ အလားအလာကို ပရိသတ် အများအပြားက စိတ်ပူနေကြတယ်။ သူ ဂိုးသွင်းပြဖို့ လိုအပ်ကြောင်း အာနယ် ဆလော့ကလည်း အသိပေးထားပါတယ်။

ဘိုလော့ညာပွဲမှာတော့ ဆိုဘိုစလိုင်ဟာ အကောင်းဆုံး တုန့်ပြန်မှု လုပ်ခဲ့ပြီး ဆာလာအတွက် ဂိုးထောက်ပံ့မှု (တချို့ကလည်း ဒါကြီးကို ဂိုးထောက်ပံ့တယ် မပြောနိုင်ကြောင်း ထောက်ပြ) လုပ်ပေးနိုင်ခဲ့ပါတယ်။

ပွဲအပြီး အချက်အလက်တွေမှာ ဆိုဘိုစလိုင်ဟာ တစ်ဦးချင်း မြေပြင် ယှဉ်လုမှုတွေမှာ ဒီယက်ဇ်ပြီးရင် အအောင်မြင်ဆုံးအဖြစ် ၈ ကြိမ်မှာ ၆ ကြိမ်ထိ အနိုင်ရခဲ့ပါတယ်။ အခွင့်အရေး ၂ ကြိမ် ဖန်တီးပေးပြီး ဘောလုံးနဲ့အတူ ကျော်ဖြတ်မှု ၃ ကြိမ်အနက် ၂ ကြိမ် အောင်မြင်ခဲ့ပါတယ်။

ဒါပေမယ့် ဆိုဘိုစလိုင်ကို ချီးကျူးနေကြတာ အထက်ပါ အချက်အလက်တွေတင် မဟုတ်ဘဲ သူ့ရဲ့ အနားမပေးသလို ရပ်တန့်သွားခြင်း မရှိတဲ့ ဖိအားပေးနိုင်စွမ်းအတွက် ဖြစ်ပါတယ်။

ကွင်းလယ်အတွက် ပြေးပေးရမယ့် အကွာအဝေး မှန်သမျှကို ပြေးပေးနေပြီး ကွင်းထဲမှာ နှစ်ကိုယ်ခွဲထားသူ တစ်ဦးလို ကစားပေးနေတာဟာ လီဗာပူးအသင်းက ပြိုင်ဘက်ကို ၁၂ vs ၁၁ ဖြင့် ကစားရသလို အသာစီးရစေတယ်လို့ ချီးကျူးခံနေရပါတယ်။

ဆိုဘိုစလိုင် အနေနဲ့ ကိုယ်တိုင် သွင်းဂိုးနဲ့ ဂိုးထောက်ပံ့မှုတွေ လုပ်ပြနိုင်ဖို့ ဆက်လက် ကြိုးစားရမှာဖြစ်ကာ နိုင်ပွဲအတွက် ကိုယ်တိုင်ကိုယ်ကျ ပါဝင်နိုင်ဖို့တော့ လိုအပ်ဦးမှာ ဖြစ်ပါတယ်။