

နည်းပြ အာနယ်ဆလော့က ကလော့ပ် လက်ထက်မှာ ကျင့်သုံးနေတဲ့ စည်းမျဉ်းတွေထဲက သူ သဘောမကျတဲ့ အချက်တွေကို ပြောင်းလဲလိုက်ပြီဖြစ်ကြောင်း ထုတ်ပြောလာပါတယ်။
ဆလော့ ပြင်ဆင်လိုက်တာက ကစားပွဲ မတိုင်ခင် တစ်ရက်မှာ အသင်းသားတွေ ဟိုတယ်မှာ အတူတကွ စုဝေးကြတာမျိုး မလုပ်တော့ဖို့ပါ။ ဒီလိုမျိုး စုဝေးတာထက် ကိုယ့်အိမ်မှာ ကိုယ့်ဘာသာ အိပ်စက် အနားယူတာက ပိုပြီး အနားရမယ်လို့ ဆလော့က မြင်ပါတယ်။
ဒါနဲ့ ပတ်သက်လို့ ဆလော့ကတော့ ” အချိန်နဲ့ပတ်သက်လို့ ဒီမှာ (လီဗာပူး ကစားသမားတွေ) တိကျတဲ့ အစဉ်အလာ သတ်မှတ်ချက်တွေ ရှိနေပါတယ်။ ကစားသမားတွေ နောက်ကျလို့ ဒဏ်ကြေး ကောက်တဲ့ကိစ္စကို ကျနော် မုန်းပါတယ်။
ဒါပေမယ့် အသင်းမှာက ဒီအပိုင်းတွေမှာ ယဉ်ကျေးမှုတွေ ရှိနေပြီးပါပြီ။ ဒီတော့ စည်းမျဉ်းထဲပါလားဆိုတာ မသေချာပေမယ့်လို့ အချက် တစ်ခုကိုတော့ ကျနော် ပြောင်းလဲလိုက်တာပေါ့။
လီဗာပူး ကစားသမားတွေက ပွဲမတိုင်ခင် တစ်ရက် ဟိုတယ်တွေမှာ အတူ အိပ်ကြပါတယ်။ အဲ့အချက်ကိုတော့ ကျနော် ပြောင်းလိုက်တယ်။ ကျနော်နဲ့ ကျနော် နည်းပြ ဝန်ထမ်းတွေအတွက်က ကိုယ့်အိမ်က ကိုယ့်အိပ်ယာမှာ အိပ်ရတာကပဲ အကောင်းဆုံးပါ။ ကိုယ့်အိပ်ယာမှာ အိပ်တာကပဲ ကောင်းကောင်းအနားရတယ်။
ဒါက ကျနော်တို့ လုပ်ခဲ့တဲ့ အပြောင်းအလဲတွေထဲက တစ်ခုပါပဲ။ ပွဲမကစားခင် တစ်ရက် ဟိုတယ်မှာ မစုကြတော့ဘဲ ကစားသမားတွေ သူတို့အိမ်မှာ သူတို့ရဲ့ အိပ်ယာမှာပဲ အနားယူခွင့်ရသွားတာပေါ့ ” လို့ ပြောပြခဲ့တာ ဖြစ်ပါတယ်။
အနားကောင်းကောင်းရခြင်းဟာ ကစားသမားတွေရဲ့ စိတ်ဓါတ်ပိုင်းနဲ့ ကြံ့ခိုင်မှုအပေါ် သက်ရောက်မှု ရှိပါတယ်။ လက်ရှိ အပြောင်းအလဲဟာ ဒဏ်ရာ ပြဿနာ မကြာခဏ ရင်ဆိုင်ရတတ်တဲ့ အသင်းအပေါ် သက်ရောက်မှု ရှိမလား ရေရှည်မှာ သိရပါလိမ့်မယ်။